စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး၁၅ စီး မကြာမီ ထပ်မံရောက်ရှိဆိုက်ကပ်မည်ဖြစ်
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်ဆီ 92 RON သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့် တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal (၃)ခုမှ အရောင်းဆိုင်များ အားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျင်မမှီခဲ့ခြင်းကြောင့် စက်သုံးဆီ ပြတ်လတ်မှု ဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် အများသုံးဓာတ်ဆီဖြစ်သော 92 RON ဂါလံ (၁၃)သန်းကျော်၊ 95 RON ဂါလံ ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိကြောင်း သိရှိရကာ ပြတ်လပ်မှုမရှိစေရေး အချိန်မီဆက်လက် ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင်လည်း ဆီတင်သင်္ဘော(၄)စီး ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိ လာမည့် ဆီတင်သင်္ဘော(၁၅)စီးရှိကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဆီတင် သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီများဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းတွင် မည်သည့် စက်သုံးဆီအမျိုးအစားမဆို အရန် ၁ လစာကျန်ရှိအောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလသည် ခရီးသွား ရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။