ဟောလိဝုဒ်ရုပ်ရှင်တစ်ကားနဲ့ ဆင်တူ​နေတယ်လို့ ထောက်ပြခံ နေရတဲ့ Vijay ရဲ့ Leo ရုပ်ရှင်

အိန္ဒိယတောင်ပိုင်း နာမည်ကျော် တမီလ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Lokesh Kanagarj ရိုက်ကူးပြီး တမီလ်သရုပ်ဆောင် Thalapathy Vijay အဓိကပါဝင်ထားတဲ့ Kollywood action ရုပ်ရှင်သစ် Leo ဟာ ယခုလ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဘာသာစကားလေးမျိုးနဲ့ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Leo ရဲ့ ပထမဆုံး trailer ကို ပြီးခဲ့တဲ့အောက်တိုဘာလ ၅ ရက်နေ့က မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး တမီလ်ပရိသတ်​တွေအကြား အားပေးမှုတွေရှိနေသလို တစ်ဖက်မှာလည်း ထောက်ပြမှုတွေရှိနေပါတယ်။ Leo trailer ထွက်လာပြီးတဲ့နောက်မှာ အိန္ဒိယက အင်တာနက်အသုံးပြုသူတချို့က Leo ဟာ ဟောလိဝုဒ်ရုပ်ရှင်တစ်ကားကို မှီငြမ်းကိုးကားပြန်လည်ဖန်တီးထားတယ်ဆိုပြီး X နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာတွေမှာ ထောက်ပြလာနေကြပါတယ်။

Leo ရဲ့ trailer ပါ ပြကွက်တချို့ဟာ ဟောလိဝုဒ်က Lord of the Rings သရုပ်ဆောင် Viggo Mortensen ရဲ့ ၂၀၀၅ ထုတ် ရုပ်ရှင် A History of Violence နဲ့ ထပ်တူနီးပါးဆင်တူနေကြောင်း ထောက်ပြသလို Leo ဟာ A History of Violence ကို ကျောရိုးယူထားတယ်ဆိုပြီးလည်း ထောက်ပြနေကြတာကိုလည်းတွေ့ရပါတယ်။ သို့ပေမယ့် တချို့အင်တာနက်အသုံးပြုသူ တွေကတော့ Leo ဟာ A History of Violence ကို မှီငြမ်းကိုးကားကောင်းကိုးကားနိုင်ပေမယ့် Leo နဲ့ A History of Violence ဟာ ဇာတ်လမ်းချင်းဆင်တူမှုမရှိနိုင်​ကြောင်း ပြန်လည်ချေပထားကြပါတယ်။

ဒီအ​ကြောင်းအရာနဲ့ပတ်သက်ပြီး Myanmar Varient Entertainment အနေနဲ့ တစ်စုံတစ်ရာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

A History of Violence ဟာ ၁၉၉၇ ထုတ် ရုပ်ပြဝတ္ထုတစ်အုပ်ဖြစ်တဲ့ A History of Violence ကို အခြေတည်ရိုက်ကူး ထားတာဖြစ်ပြီး အော်စကာဆန်ခါတင်စာရင်းဝင် ခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

Leo ကို Lokesh Kanagarj က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Thalapathy Vijay က ဇာတ်ကောင်စရိုက်နှစ်နေရာကနေ ပါဝင်ထားသလို Kollywood သရုပ်ဆောင် Arjun နဲ့ Bollywood သရုပ်ဆောင် Sanjay Dutt တို့က ဗီလိန်နေရာကနေ ပါဝင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော် (Dragon Boat)ပြိုင်ပွဲမှ ကြေးတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ
Next post ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား