ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖွဲ့စည်းထားသည့် ကမ်းခြေ စောင့်တပ်ဖွဲ့အား ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံများကို ပြည့်စုံအောင် နိုင်ငံတော်က ဆက်လက်ဖြည့်ဆည်းပေးမည်ဖြစ်ပြီး အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့ များဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ရေပိုင်နက်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

မိမိကိုယ်တိုင်ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော နိုင်ငံ၏ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်ကြောင်း၊ နှစ်နှစ်တာကာလ အတွင်း တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်းဆိုင်ရာများတွင် တက်နိုင်သမျှ ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ လည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတမ်းကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ) အပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိသင့်သည်ဟု ယူဆ၍ ယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကို အချိန်ယူလေ့လာဆောင်ရွက်ခဲ့ရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များ  ဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထားဆောင်ရွက်ကြရမည် ဖြစ်ပြီး ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဟောလိဝုဒ်ရုပ်ရှင်တစ်ကားနဲ့ ဆင်တူ​နေတယ်လို့ ထောက်ပြခံ နေရတဲ့ Vijay ရဲ့ Leo ရုပ်ရှင်
Next post ရန်ကုန်နှင့် မန္တလေးတို့တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဖြည့်ဆည်းရန် MEC နှင့် ဦးပိုင်ကုမ္ပဏီတို့ကို တာဝန်ပေးအပ်ထားကြောင်းနစကဥက္ကဋ္ဌ ပြောကြား