ရန်ကုန်နှင့် မန္တလေးတို့တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဖြည့်ဆည်းရန် MEC နှင့် ဦးပိုင်ကုမ္ပဏီတို့ကို တာဝန်ပေးအပ်ထားကြောင်းနစကဥက္ကဋ္ဌ ပြောကြား

မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ကို တာဝန်ပေးအပ်ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် အသား၊ ငါးနှင့် ရာသီသီးနှံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်စေခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါသည်။

ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းမှာ သွင်းအားစုများနှင့် လုပ်အားခများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့်ဖြစ်ပြီး စားသုံးမှုလိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစားပေးပင်ဖြစ်ပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ် အလုပ်လုပ်ရန်ဖြစ်ကာ အလုပ်လုပ်နိုင်ရန်အတွက်လည်း အစိုးရမှ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လေ့လာမှုမှ ရရှိလာသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတွေ့အကြုံများနှင့် နည်းစနစ်များကို အသုံးချ၍လည်း မိမိတို့နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား
Next post နစက ဒု-ဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား