(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော် (Dragon Boat)ပြိုင်ပွဲမှ ကြေးတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေလှော် (Dragon Boat) အမျိုးသား/အမျိုးသမီး မီတာ (၁၀၀၀) (၁၂)တက်လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှုး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြာခဲ့သည်။

ဆက်လက်၍ အမျိုးသား မီတာ (၁၀၀၀) (၁၂)တက်လှော် ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် (၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယတို့ အသီးသီး ရရှိခဲ့ပြီး မြန်မာ(အမျိုးသား)အသင်းသည် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အမျိုးသမီး မီတာ (၁၀၀၀) (၁၂)တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၈)သင်းဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် တောင်ကိုရီးယားအသင်းက တတိယတို့ အသီးသီး ရရှိခဲ့ကြပြီး မြန်မာအသင်းက အဆင့်(၆)နေရာ ရရှိခဲ့သည်။

နံနက် (၉)နာရီအချိန်တွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၃)ယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နံနက်(၁၀)နာရီအချိန်တွင် အမျိုးသမီး (၃)ယောက် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ထိုင်းအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပြီး မြန်မာပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး (၃)ယောက်တွဲအသင်းသည် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၇)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၃)ခု ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သားကို လင်ကောင်းသားကောင်းဖြစ်အောင်ပျိုးထောင်မယ့် ချောရတနာ
Next post ဟောလိဝုဒ်ရုပ်ရှင်တစ်ကားနဲ့ ဆင်တူ​နေတယ်လို့ ထောက်ပြခံ နေရတဲ့ Vijay ရဲ့ Leo ရုပ်ရှင်