
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာ အသင်းမှ ပေါ်တူဂီနာမည်ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသက် ၃၀ နှစ်မပြည့်မီ သွင်းဂိုး ပေါင်းထက် အသက် ၃၀ ပြည့်ပြီးဂိုးအရေအတွက်က ကျော်လွန်ရန် နီးစပ်နေလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် အသက် ၄၀ နှစ်ပြည့်မြောက်တော့မည့် စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် အသက် ၃၀ နှစ်မပြည့်မီ ပြိုင်ပွဲစုံ သွင်းဂိုး ပေါင်း ၄၆၃ ဂိုး သွင်းယူထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပြီးခဲ့သည့်တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော ယူအေအီးကလပ် အယ်လ်ဝါဆီအသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် ပယ်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုးသွင်းယူပြီးနောက် ၃၀ နှစ်ပြည့်ပြီးနောက် သူ၏ပြိုင်ပွဲစုံသွင်းဂိုးပေါင်း မှာ ၄၆၀ ဂိုးအထိ ရှိလာခဲ့သည်။ ထို့ကြောင့် အသက် ၃၀ နှစ်မပြည့်ခင် သွင်းဂိုးပေါင်းကို ကျော်လွန်ရန်အတွက် လေးဂိုးသာသွင်းရန် လိုအပ်လျက်ရှိသည်။
စီရော်နယ်လ်ဒိုအနေ ဖြင့် အယ်လ်နာဆာအသင်း ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ကစားခဲ့ရာတွင် လေးပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ပြီး စုစုပေါင်း ခြောက်ဂိုးအထိ သွင်းယူထားခဲ့သည်။ ၎င်းသည် ယင်းပွဲ၏ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ စီရော်နယ်လ်ဒို သည် ယခုရာသီအတွင်း အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားခဲ့ရာတွင် ၂၃ ဂိုး သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် လမ်းခွဲပြီးနောက် အယ်လ်နာဆာအသင်းသို့ ၂၀၂၂ ဒီဇင်ဘာလတွင် ရောက်ရှိလာပြီးကတည်းက ပြိုင်ပွဲစုံသွင်းဂိုးပေါင်း ၆၆ ဂိုးအထိ ရှိလာခဲ့သည်။ စီရော်နယ်လ်ဒိုအနေဖြင့် ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်မှတ်တမ်းကို ပြည့်မြောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခုသွင်းဂိုးနှစ်ဂိုးအပါအဝင် ၉၂၃ ဂိုး အထိ ရှိလာခဲ့သည်။
၂၀၂၄-၂၅ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အနောက်ပိုင်းဇုန်တွင် ယှဉ်ပြိုင်ကစားနေသည့် အယ်လ်နာဆာအသင်းသည် ယခုပွဲစဉ်မတိုင်မီကတည်းက ၁၆ သင်းအဆင့် တက်ရောက်ရန် သေချာနေခဲ့ပြီး အယ်လ်ဝါဆီကို အနိုင်ကစားခဲ့ခြင်းကြောင့် အမှတ်ပေး ဇယား ထိပ်ဆုံးသုံးသင်းနေရာတွင် ရပ်တည်နိုင်ရန် သေချာသွားခဲ့သည်။ ဆော်ဒီလိဂ်၌ ထိပ်ဆုံးနှစ်သင်းနှင့် အမှတ်ပြတ်နေသည့် အယ်လ်နာဆာအနေဖြင့် အာရှချန်ပီယံလိဂ်ဖလားသည်သာ ယခုရာသီအတွက် အနီးစပ်ဆုံး ဆုဖလားမျှော်လင့်ချက် ဖြစ်နေသည်။
#စီရော်နယ်လ်ဒို #အယ်လ်နာဆာ #DBN news
