One ပွဲဦးထွက်အဖြစ် ချစ်သူများနေ့မှာ ဖရန်စ္စကာဗီရာနဲ့ ထိုးသတ်သွားမယ့် ဘရော်နီကာ
မြန်မာအမျိုးသမီးဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ကျင်းပမဲ့ One Friday Fight 97 ပြိုင်ပွဲမှာ ချီလီနိုင်ငံသူ ဖရန်စ္စကာဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်တယ်လို့ One Championship က ဒီ ဖေဖော်ဝါရီ ၃ ရက် ညနေမှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
ထိုင်းဘုရင့်ဖလား နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ခဲ့တဲ့ ဘရော်နီကာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကမှ One Championship မှာ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်ထိုးသတ်ဖို့ နှစ်နစ်ခွဲ စာချုပ်ချုပ်ဆိုထားပြီးပြီဆိုတာကို အသိပေးခဲ့တာဖြစ်ပြီး စာချုပ်ချုပ်ပြီး တစ်ပတ်မပြည့်ခင် ပွဲရလိုက်တာ ဖြစ်ပါတယ်။
ဘရော်နဲ့ ဗီရာ သူတို့နှစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လုမ္ဗနီကွင်းကြီးထဲမှာ ကျင်းပမယ့် One Friday Fight 97 Valentine’s SAVAGERY အဖြစ် အက်တမ်ဝိတ်တန်းကနေ ၃ မိနစ် ၃ ချီ မွေထိုင်းပွဲ ထိုးသတ်ကြမှာဖြစ်ပါတယ်။
ပြိုင်ဘက် ချီလီသူ Francisca Vera ဟာ အသက် ၂၅ နှစ်ရှိပြီး အရပ်အမြင့် ၅ ပေ ၇ လက်မရှိပါတယ်။ One Friday Fight ပြိုင်ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးရှိသူဖြစ်ပြီး ဗီရာက ဘရော်ကို နိုင်ဖို့ဟာ ကမောက်ကမ ရလဒ်ထွက်မှဖြစ်နိုင်မှာပါ။
One မှာ ချန်ပီယံဖြစ်ချင်တဲ့ မြန်မာ့ကယန်းကျားသစ်မယ်က အသက် ၂၈ နှစ်ဖြစ်ပြီးတော့ အရပ်အမြင့် ၅ ပေ ၅ လက်မသာရှိလို့ ပြိုင်ဘက်က အလုံးအရပ် အနည်းငယ်သာပါတယ်။ ဘရော်နီကာက ထိုင်းဖိုက်က စီစဉ်ကျင်းပလေ့ရှိတဲ့ ထိုင်းဘုရင့်ဖလားမှာ ပွဲ ၂၀ ထိုးသတ်ထားရာမှာ အလဲထိုး ၉ ပွဲအပါအဝင် ၁၈ ပွဲနိုင်ပြီး ၂ ပွဲကို အမှတ်နဲ့ရှုံးထားပါတယ်။
လာမယ့် ချစ်သူများနေ့ဟာ သမီးရည်းစားစုံတွဲတွေအတွက်သာမက လက်ဝှေ့ချစ်သူတွေအတွက်ပါ ရင်ခုန်စရာနေ့လည်းဖြစ်လာမှာဖြစ်ပြီး One ရဲ့ ဒီနေ့ကြေညာချက်မှာတော့ မြန်မာပရိသတ်တွေအားလုံးက မြန်မာ့ကယန်းကျားသစ်မယ် အနိုင်ရဖို့ တခဲနက်အားပေး ဆုမွန်ကောင်း တောင်းနေကြပါတယ်။