
လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဥ်မှာ မြန်မာက ကာဂျစ္စတန် ကို ၅-၀ ဂိုးဖြင့် အနိုင်ရ

ဖေဖော်ဝါရီလ ၂၀ ရက်
နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့တွင် ကျင်းပလျှက်ရှိသော လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကာဂျစ္စတန် အမျိုးသမီးအသင်းတို့ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် ယှဥ်ပြိုင်ကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ကာဂျစ္စတန် အမျိုးသမီးအသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဆိုပါ လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်အဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က ယှဥ်ပြိုင်ခဲ့သော လက်ဘနွန်နှင့်ပွဲစဥ်တွင်လည်း ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် လက်ရှိတွင် ၂ ပွဲကစား ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်၊ ရဂိုး ၈ ဂိုး၊ ပေးဂိုး ၁ ဂိုးဖြင့် ဇယားထိပ်ဆုံးတွင် ရပ်တည်လျှက်ရှိပါတယ်။
အမျိုးသမီးဘောလုံးအသင်းအနေဖြင့် လေးသင်းပတ်လည် နောက်ဆုံးပွဲစဥ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင် နီပေါအမျိုးသမီးအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လေးသင်းအနက် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းမှာ ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရပါတယ်။