
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုတွေအားလုံးကို ကြိုဆိုတယ်လို့ တရုတ်အစိုးရ ပြော

ဧပြီလ ၂၂ ရက်
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့အတွက် ကြိုးပမ်းမှုတွေအားလုံးကို တရုတ်နိုင်ငံက ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီရာကွန်းက ပြောကြားခဲ့ပါတယ်။
နှစ်ဖက်စလုံးက ချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ရုရှားနဲ့ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲပြောဆိုခဲ့ကြတဲ့ အီစတာအပစ်အခတ်ရပ်စဲရေးအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂူအိုဂျီရာကွန်းက ‘ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ဦးတည်တဲ့ ကြိုးပမ်းမှုတွေအားလုံးကို မြင်တွေ့ရတာ တရုတ်နိုင်ငံက တကယ်ကိုကျေနပ်မိပါတယ်။ ပြီးတော့ ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးဟာ စေ့စပ်ညှိနှိုင်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား အပြည့်အဝအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လာမယ့်သီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာမှာ တရုတ်အစိုးရရဲ့ ထုတ်ပြန်ပြောဆိုချက်တွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်း နှစ်ဖက်စလုံးဟာ နောက်ဆုံးကမ်းလှမ်းချက်တွေကို ကမ်းလှမ်းခံရနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး New York Post က ရေးသားဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။