ကမ္ဘာထွက်လာပုံကို ရိုက်ကူးခဲသည့် အာကာသယာဉ်မှူး ဝီလျှံအန်ဒါ လေယာဉ်ငယ်ပျက်ကျရာတွင် ကွယ်လွန်
ကမ္ဘာထွက်လာသည့် သမိုင်းဝင်ဓာတ်ပုံကို လွန်ခဲ့သော ၅၅ နှစ်တွင် အာကာသမှ ရိုက်ကူးခဲ့သော ဝီလျှံအန်ဒါသည် လေယာဉ် ပျက်ကျ သဖြင့် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏မိသားစုက ပြောကြားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သော ဝီလျှံအန်ဒါသည် ဇွန် ၇ ရက်က ဝါရှင်တန်ပြည်နယ်၏ကမ်းရိုးတန်းအလွန်တွင် ပျက်ကျသွားခဲ့သော လေယာဉ်ငယ်ကို မောင်းနှင်သွားသူဖြစ်သည်ဟု ၎င်း၏သားက အမေရိကန်မီဒီယာကို ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ပေါ်တွင် အန်ဒါတစ်ဦးတည်းပါသည်ဟု ဆိုသည်။
နောက်ပိုင်းတွင် ရေငုပ်အဖွဲ့က ၎င်း၏ အလောင်းကို ပြန်လည်ဆယ်ယူခဲ့သည်ဟု ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့် ရှိသူ၏ ပြောစကားကို ကိုးကားပြီး ဆီယက်တယ်လ် တိုင်း(မ်)သတင်းစာက သတင်းဖော်ပြခဲ့သည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာတွင် အပိုလို (၈)မစ်ရှင်အဖွဲ့ဝင်ဖြစ်သော အန်ဒါသည် တစ်နိုင်ငံတည်းသား အမေရိကန်များဖြစ်သော ဖရန့်ဘော်မန်း၊ဂျိမ်းလိုဗယ်တို့ နှင့် အတူ လကိုပတ်သည် ပထမဆုံးလူသားများထဲကတစ်ဦး ဖြစ်လာခဲ့သည်။
အပိုလို(၈) အဖွဲ့သားများသည် ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘာသို့ အောင်မြင်စွာပြန်မလာမီ လပေါ်ကိုမဆင်းဘဲလ ကို ၁၀ ကြိမ်ပတ်ခဲ့သည်။ လကိုပတ်နေသည့် တစ်ကြိမ်တွင် အန်ဒါသည် အနီးဆုံးမြင်ကွင်း၌ လ၏ချိုင့်နေ သောမျက်နှာပြင် နှင့်အတူ မည်းနက်နေသော အာကာသနောက်ခံဖြင့် အပြာတောက်တောက်ကမ္ဘာ၏ပုံကို ရိုက်ယူခဲ့သည်။
“ကျွန်တော်တို့က နောက်ပြန်ကြီးသွားနေကြတာပါ။ စောက်ထိုးမိုးမျှော်ကြီးဖြစ်နေတာပါ။ ကမ္ဘာကိုရော နေကိုရော တကယ် မမြင်ရပါဘူး။ လကိုတစ်ကျော့ပြန်ပတ်တဲ့ အခါမှာတော့ ကျွန်တော်တို့ ပုံမှန်အတိုင်း ဖြစ်သွားခဲ့ပြီး ကမ္ဘာထွက်လာပုံကို ပထမဆုံးမြင်ရတာပါ”ဟု ၁၉၉၇ နာဆာ၏နှုတ်ပြောသမိုင်းအင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။