လားရှိုးမြို့သို့ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ယာဉ်တန်း ဝင်ရောက်လာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အလံများ လွှင့်ထူထားသည့် တပ်မတော်ယာဉ်တန်း ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ တပ်မတော်ယာဉ်တန်းတွင် ယာဉ်အစီးရေ ရာချီပါဝင်ပြီး လက်ရှိတွင် ပြည်ထောင်စုလမ်းမကြီးဘေး၌ ရပ်တန့်ထားကြောင်း သိရသည်။

MNDAA က ထိန်းချုပ်ထားခဲ့သည့် လားရှိုးမြို့အား နစက၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းမည်ဟု ယခင်ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ပြီး လားရှိုးမြို့တွင် MNDAA ၊ နစက၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့တို့သည်လည်း ယခင်ရက်များက တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ တပ်မတော်မှ လားရှိုးမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

လားရှိုးမြို့ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို ယခုချိန်အထိ ဘက်အသီးသီးမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း MNDAA အဖွဲ့က ဧပြီ ၂၁ ရက်တွင် ၎င်းတို့၏ အထူးဒေသ (၁) အလံများကို လားရှိုးမြို့တွင် ဖြုတ်သိမ်းခဲ့သည်။

သို့ရာတွင် လားရှိုးမြို့တွင်း၌ MNDAA အဖွဲ့ဝင်အချို့ ဆွေးနွေးပွဲပြုလုပ်သည့် ဆင်နှစ်ကောင်ဟိုတယ် အနီးတစ်ဝိုက်တွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ ပြီးဆုံးပြီး အစိုးရရုံးလုပ်ငန်းများ ယနေ့ (ဧပြီ ၂၂ ရက်) တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ လားရှိုးမြို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများ ယခုတပ်မတော်ယာဉ်တန်းနှင့်အတူ ပါဝင်လာခြင်းရှိ မရှိကိုမူ တိတိကျကျ မသိရသေးပေ။

“စစ်ယာဉ်တန်း ဝင်လာတာ တွေ့ရတယ်။ အခုလောလောဆယ်တော့ လမ်းဘေးမှာ ရပ်ထားတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းတွေ တစ်ခါတည်း ပါလာသလား၊ မပါလာဘူးလား မသိရသေးဘူး။ ယာဉ်အစီးရေကတော့ ရာချီတယ်။ ပြည်သူတွေကတော့ ပုံမှန်အတိုင်းပဲ သွားလာနေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် လားရှိုးမြို့မှ တောင်ကြီးမြို့သို့ရောက်ရှိနေကာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် အမည်စာရင်းသာပေးထားရပြီး လားရှိုးမြို့သို့ ပြန်လည်သွားရောက်ရန် အမိန့်တစ်စုံတစ်ရာမရှိသေးကြောင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းများ ယခုတပ်မတော်ယာဉ်တန်းနှင့် ပါဝင်သွားနိုင်ကြောင်း ဝန်ထမ်းတစ်ဦးက ဆိုသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုတွေအားလုံးကို ကြိုဆိုတယ်လို့ တရုတ်အစိုးရ ပြော
Next post ပုပ်ရဟန်းမင်းကြီးကွယ်လွန်ခြင်းအတွက် နစက ဥက္ကဋ္ဌမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့