နစကမှ ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ အပြည့်အဝအားပေး ထောက်ခံမှုများ ရရှိထားဟုဆို
နစကအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရရှိထားသည့် အခြေအနေများကို ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းကကျင်းပသည့် ကာ/လုံ အစည်းအဝေး(၁/၂၀၂၅)၌ ထည့်သွင်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပေးနိုင်ရန် ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ကြောင့် နိုင်ငံခြားခရီးစဉ်များ သွားရောက်ချိန်တွင်လည်း နိုင်ငံတကာမှ နိုင်ငံတော် အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံချိန်များတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကို စီမံ ဆောင်ရွက်နေသည့် အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။
” ဒါ့အပြင် မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်တွေမှာလည်း ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ စီမံဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့တာကြောင့် မိမိတို့ဦးဆောင်ကျင်းပပေးမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့အပြည့်အဝအားပေးထောက်ခံမှုတွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိအချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံးဆန္ဒမဲပေးနိုင်ရေးနှင့် မှတ်ပုံတင်များရရှိရေးအတွက် ပန်းခင်းစီမံချက် ၁ ၊ ၂ ၊ ၃ ကို ချမှတ်ဆောင်ရွက်ခဲ့သဖြင့် လူဦးရေ(၅၉၈၀၆၆၄) ဦးကို မှတ်ပုံတင်များရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆက်လက် ၍ မှတ်ပုံတင်ရရှိရန်ကျန်ရှိနေသူများကိုလည်း ရွေးကောက်ပွဲကာလမတိုင်မီ အပြီးရရှိအောင် ဆက်လက်ဆောင်ရွက်ပေး နေသည်ဟု ပြောသည်။
ထို့ပြင် UEC မှလည်း မဲဆန္ဒရှင်များမဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine)နှင့် ပတ်သက်သည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။