ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် အလှကုန်စတိုးဆိုင်အတွင်း လုယက်ကာ ဆိုင်ရှင်အမျိုးသမီးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား
ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်းရှိ အလှကုန်စတိုင်းဆိုင်အတွင်း လုယက်ကာ ဆိုင်ရှင် အမျိုးသမီးကို ဓားဖြင့် ထိုးသတ်မှု ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း စုံစမ်းမှုအရ သိရှိရသည်။
အဆိုပါ ဓားဖြင့် ထိုးသတ်မှုတွင် AK Cosmetic ဆိုင်ရှင်ဖြစ်သူ မအေးအိခိုင် (၃၅) နှစ်သည် ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ဖြစ်စဉ်ကျူးလွန်သွားခြင်းဖြစ်ကြောင်း ကနဦးမေးမြန်းမှုအရ သိရသည်။
“စီစီတီဗွီမှတ်တမ်းတွေနဲ့ ရဲတပ်ဖွဲ့ဒန တာဝန်ရှိသူတွေ ကျူးလွန်သွားသူကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေကြပါတယ်။ ဆိုင်ရှင်အမျိုးသမီးက ဆိုင်အတွင်းထဲမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ ဆက်လက်ပြီး အသတ်ခံရသူ ဆိုင်ရှင်အမျိုးသမီးတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာ သုံးချက်ခန့် တွေ့ရှိရကြောင်း သိရသည်။
ကျူးလွန်သူမှာ အမျိုးသားတစ်ဦး (သို့မဟုတ်) နှစ်ဦးခန့် ဖြစ်နိုင်ကြောင်းနှင့် ဖုန်းတစ်လုံး ယူဆောင်သွားကြောင်း၊ အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။