YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော် ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို အသုံးပြု၍ ယာဉ်စီးခပေးချေနိုင်သည့် ယာဉ်လိုင်းပေါင်း (၉၈) လိုင်း ရှိပြီး ယာဉ်အစီးရေပေါင်း (၃၉၅၁) စီး ခန့်ရှိကြောင်း သိရသည်။
သို့သော် YBS ယာဉ်လိုင်းများသည် ယာဉ်မောင်းများသည် YBS ပေးချေရမည့် စက်ကို ပိတ်ထားခြင်း၊ စက်ပျက်နေခြင်းများ ရှိနေသောကြောင့် ခရီးသွားများမှာ ငွေသားအကြွေကိုသာ အသုံးပြုနေရဆဲဖြစ်ကြောင်း စီးနင်းသူများက မှတ်ချက်ပေးသည်။
“ ၁၄ တို့ ၃၈ တို့က အမြဲ စက်ဖွင့်ပေးထားတယ်၊ ၆၅၊ ၂၁ တို့ ကတ်တွေကို ပိတ်ထားကြတယ်၊ ကတ်နဲ့စီးမယ်ဆို သူတို့က တင်ချင်သလို မတင်ချင်သလိုလိုက လုပ်ကြသေးတယ်” ဟု စီးနင်းသွားလာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
YPS ကတ်နှင့် YPS QR Code ငွေဖြည့်ခြင်း များကို YPS အရောင်းကောင်တာများ၊ G&G Convenience Store ep: Capital Super-market များ၊ ငြိမ်းချမ်းရေး စတိုး (စံပြဈေး အနီး)၊ သမာဓိ Mini Mart (အင်းစိန်ပန်းခြံအနီး)၊ YBS 21 (Power 11) ကားဂိတ်၊ YBS 57 ကားဂိတ် (သခင်မြပန်း ခြံ)၊ YBS 81 ကားဂိတ် (သုခဒဂုံ အိမ်ရာ)၊ အမြင်သစ်စတိုး (မှော်ဘီလျှပ်စစ်ရုံးအနီး)၊ သစ္စာရှင်ထီဆိုင်(ဘေလီမှတ်တိုင် အနီး)၊ Rangoon Minimart (ကမ်းနားလမ်းနှင့် နတ်စင်လမ်းထောင့်) တွင် ပြုလုပ် နိုင်ကြောင်း Yangon Payment Services -YPS က အသိပေးထားသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ YBS ယာဉ် အစီးရေ (၃၆ဝဝ) မှ (၃၈၀၀) ကြား ပြေးဆွဲလျက် ရှိပြီး လိုက်ပါစီးနင်းသည့် ခရီးသည် အရေအတွက် (၁၅) သိန်းရှိကြောင်း သိရသည်။