ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများကို သွားရောက် လေ့လာခဲ့သည့် နစက ဥက္ကဋ္ဌ

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ကျင်းပသည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၈ ရက်တွင် ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများကိုသွားရောက် လေ့လာ ခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌသည် Zhongyue Aviation UAV Firefignting-Drone Co.Ltd. တွင် ကုမ္ပဏီမှထုတ်လုပ်ထားသည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုသော အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားရှိမှုကိုကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင်ကျွမ်းမှုများနှင့် အခြားသဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းတိုတွင် ဒရုန်းများအသုံးပြု၍ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ဒရုန်းဖြင့်မီးငြှိမ်းသတ်မှုအား လက်တွေ့ သရုပ်ပြသခဲ့သည်။

ယခုကဲ့သိုအဆင့်မြင့်နည်းပညာများကို အသုံးပြု၍ လူသားအကျိုးပြုဒရုန်းများတီထွင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှုအား ချီးကျူးဂုဏ်ပြုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့နောက် SERES မော်တော်ကားကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီအလိုက်၊ ကားအမျိုးအစားအလိုက်အချက်အလက်များနှင့် စက်ရုံအတွင်းကားထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို နစက ဥက္ကဋ္ဌမှ လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် Chongqing International Logistics Hub Park ၌ တရုတ်-ဥရောပ-အနောက်နိုင်ငံတို့ကြား ကုန်စည်စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြမြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည်စီးဆင်းမှုဆိပ်ကမ်းများနှင့် လမ်း ပန်းဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ်တို့ကို လေ့ လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အတူ Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပ ဏီတွင် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ လယ်ယာထုတ်ကုန်စက်ပစ္စည်းများ၊ ရေစုတ်စက်၊ မီးစက်၊ နှင်းရှင်းစက်နှင့် လမ်းရှင်းစက်များ တင်ပို့ရောင်းချလျက်ရှိမှု၊ ကုမ္ပဏီမှထုတ်လုပ်ထားသည့် စက်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို နစက ဥက္ကဋ္ဌက လေ့လာကြည့်ရှုပြီးသိရှိလိုသည်များကိုမေးမြန်းရာ ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် Chongqing Planning Exhibition ပြတိုက်သို့သွားရောက်၍ ချုံချင့်မြို့၏ ခေတ်အဆက်ဆက်ဖြစ်ပေါ်ပြောင်း လဲတိုးတက်ခဲ့မှုများ၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းမြင့်မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကိုဖော်ပြထားသည့်အထူးပြုလုပ်ချက်ဗီဒီယိုများကို ပြကွက်တစ်ခုချင်းစီအလိုက် ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် ညပိုင်း၌ ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်မှတစ်ဆင့် ယန်စီမြစ် အတွင်းသင်္ဘောစီး၍လေ့လာကာ သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်