၃၁ နှစ်အကြာ ကလောတွင် တကျော့ပြန်ရေကြီးမှုဖြစ်ပွား
ကလောမြို့တွင် ၃၁ နှစ်ကြာပြီးနောက် ဒုတိယအကြိမ် ရေကြီးမှုဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေ မြင့်တက်မှုကြောင့် ကလောမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းဖြစ်သည်။
“ပြောရရင်ကလောက ရေကြီးတာရှားပါတယ်။ မိုးကလည်း ဆက်တိုက်ရွာထားတဲ့အရှိန်နဲ့ တောင်ကျချောင်းရေက မြင့်တက်လာတယ်။ သစ်ပင်တွေ လဲကျတာတွေလည်းရှိတယ်။ ကားတွေ၊ ဆိုင်ကယ်တွေသွားမရဘူး။ အနိမ့်ပိုင်း ရပ်ကွက်တွေက ပိုဆိုးတာပေါ့။ ဒီတစ်ခါ မကြုံစဖူး ရေကြီးတာ စံချိန်တင်ပဲ။” ဟု ကလောမြို့မှ ဒေသခံတစ်ဦးက ဆိုပါသည်။
ကလောမြို့တွင် လွန်ခဲ့သော ၁၉၉၃ ခုနှစ်က ကလောချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထပ်မံ ဖြစ်ပွားခဲ့ခြင်းမရှိတော့ဘဲ ယခုနှစ်တွင် ပြန်လည်ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် စက်တင်ဘာ ၁၀ ရက်(ယမန်နေ့) နံနက်ပိုင်း မှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။