
အိချောပိုရဲ့ဖခင် အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်
ပရိသတ်ရဲ့ ချစ်ခင်မှုများရရှိထားတဲ့ သရုပ်ဆောင် အိချောပိုရဲ့ ဖခင်ဖြစ်သူဟာ အသက် ၆၆ နှစ်အရွယ် မနေ့က ဇန်နဝါရီ ၁၆ ရက်မှာ အိပ်ပျော်နေရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“ဖေဖေ အကောင်းကြီး အိပ်နေရင်း နှလုံးက မခုန်တော့ဘဲ ဘာမှ မခံစားလိုက်ရဘဲ ဖေဖေညတိုင်း ဖွင့်နေကြ တရားလေး နားထောင်ပြီး ရုတ်တရက် ထွက်သွားပြီနော် …။ အေးချမ်းလိုက်တာဖေဖေရယ်…။ ဒီလောက်ငြင်သာပြီး ဘဝကူးကောင်း သွားတာ ယုံကြည်ပေမယ့် သိပေမယ့် နောက်တစ်ကြိမ် နောက်တစ်ခါ ဖေဖေနဲ့ ပြန်ဆုံခွင့်ရမယ်ဆိုရင်တော့ ဖေဖေ့နားက ဘာအကြောင်းပြချက်နဲ့မှ သမီးထွက်သွားမှာမဟုတ်တော့ပါဘူး..။ ဖေဖေပြောနေကြ ဖေဖေ့သမီး အဆိုးဆုံးအငယ်မ” လို့ အိချောပိုရဲ့ ညီမဖြစ်သူ အိသီရိချိုမောင်က သူမရဲ့ဖေ့ဘုတ်အကောင့်ကနေ ရင်ဖွင့်လာပါတယ်။



သူမရဲ့ ဖခင်ဖြစ်သူ ဦးချို ဘဝတစ်ပါးပြောင်းသွားတဲ့အတွက် အနုပညာအသိုင်းအဝိုင်းက သူတွေနဲ့ ပရိသတ်တချို့လည်း စိတ်မကောင်းဖြစ်နေကြပြီး အားပေးဆုမွန်ကောင်းစကားတွေ ဆိုထားကြပါတယ်။
“မနက်ကထဲက ရင်ထဲဆို့။ ထပ်တူခံစားရတယ်။သူငယ်ချင်းရေ။ ကိုယ့်အမေလည်း ၆၆ နဲ့ ဘဝကိုနှုတ်ဆက်ခဲ့ရတာ။ ဆုံးတဲ့အချိန်ရော၊ အသက်ရော တူလိုက်တာ။ ချစ်ရတဲ့ အန်ကယ် ငြင်သာစွာ ထွက်ခွာသွားလို့ ကောင်းရာဘုံဘဝမှာ အေးချမ်းနေမှာပါ။ ၄၄/၆၆ နှစ်စုံတွေ အရမ်းဂရုစိုက်ရတယ်။ အရမ်းသဘောကောင်းတဲ့ Uncle” လို့ သရုပ်ဆောင် မေပန်းချီကကလည်း အားပေးစကားဆိုပါတယ်။