ဖားကန့်၊ ဆိုင်းတောင် Lucky Man KTV မှာ လာရောက် ပျော်ပါးသောက်စားနေတဲ့ KIA နဲ့ KPDF လက်နက်ကိုင် တွေကို ဝင်ရောက်ဖမ်းဆီးရာက တိုက်ပွဲဖြစ်ပွားနေ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက Lucky Man KTV နဲ့ ဟိုတယ်မှာ လာရောက်ပျော်ပါးသောက်စားနေတဲ့ KIA အရာရှိတွေနဲ့ KPDF လက်နက်ကိုင်တွေကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးရာက လာရောက်ကယ်ထုတ်တဲ့ KIA/KPDF လက်နက်ကိုင် တွေနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မနေ့က စက်တင်ဘာ ၈ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဆိုင်းတောင်ကျေးရွာက Lucky Man KTV နဲ့ ဟိုတယ်မှာ KIA အရာရှိတွေနဲ့ KPDF လက်နက်ကိုင် ၂၀ ကျော် လာရောက်သောက်စားပျော်ပါးနေတယ်သတင်းအရ တပ်မတော်က ဝင်ရောက်ဖမ်းဆီးရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းမိထားတဲ့ KIA နဲ့ KPDF လက်နက်ကိုင်တွေကို ကယ်ထုတ်ဖို့ KIA/KPDF တွေက အင်အားအလုံးအရင်းနဲ့ KTV ကို ပိတ်ဆို့တောင်းဆိုရာက ပစ်ခတ်မှုဖြစ်ပွားပြီး ဒီနေ့အထိ ပစ်ခတ်မှုဖြစ်ပွားနေတာပါ။

KIA နဲ့ KPDF တွေက KTV မှာ လာရောက်ပျော်ပါးရင်း ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်ဖို့ ဆိုင်းတောင်ရွာကို ပိတ်ဆို့ပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်းမှာ တပ်မတော်သားတွေနဲ့ ဖမ်းဆီးထားတဲ့ KIA/KPDF လက်နက်ကိုင် တွေအပြင် ဆိုင်းတောင်ရွာဒေသခံတွေပါ ၂၀၀ ထက်မနည်း ပိတ်မိနေသလို ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ ရွာအပြင်ကနေ ပိတ်ဆို့ပစ်ခတ်နေတဲ့ KIA/KPDF တွေ ပစ်ခတ်မှုက လွတ်မြောက်အောင် ဆိုင်းတောင် ရွာသားတွေက အလံဖြူထောင်ပြီး စစ်ဘေးဒဏ်လွတ်အောင် တိမ်းရှောင်နေကြရတယ်လို့လည်း အောင်ဇော်မိုး ဖားကန့် အကောင့်မှာ ရေးသားထားပါတယ်။

ဆိုင်းတောင်ရွာဟာ လူဦးရေတစ်သိန်းကျော်နေထိုင်တဲ့ ဆိပ်မူအုပ်စုထဲကရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာက ရပ်ကွက် (၃) ဘက်မှာ အဓိက ဖြစ်ပေမဲ့ KIA နဲ့ KPDF တွေက အဝင်အထွက်၊ တံတားအကုန်လုံးကို ပိတ်ဆို့ပစ်ခတ်နေတယ်လို့လည်း သိရပြီး အပစ်အခတ်ရပ်ဖို့လည်း Peace talk Creation Group အပါအဝင် အဖွဲ့အစည်းတချို့က ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပရိသတ်တွေကို ပျော်ရွှင်စေချင်လို့ ရှက်ပေမယ့်လည်း နာရီစင်ကြီးလုပ်ခဲ့တဲ့ ဦးချမ်းသာ
Next post (၁၀-၉-၂၀၂၁) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်