Telugu ရုပ်ရှင် Kalki 2898 AD နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲရုပ်ရှင်နှစ်ကား ထွက်လာမယ်

အိန္ဒိယရူပီး ကုဋေ ၆၀၀ ကျော် (ကန်ဒေါ်လာ ၇၂ သန်းကျော် ဘတ်ဂျက်အသုံးပြုထားတဲ့) Telugu စကားပြော sci-fi ရုပ်ရှင် အမျိုးအစားဖြစ်တဲ့ Kalki 2898 AD ဟာ အိန္ဒိယရူပီး ကုဋေတစ်ထောင်ကျော် ရုံတင်ဝင်ငွေရရှိခဲ့သလို အိန္ဒိယပြည်တွင်း မှာလည်း ပရိသတ်အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။

ဒါရိုက်တာ Nag Ashwin ရိုက်ကူးခဲ့တဲ့ Kalki 2898 AD ဟာ cliffhanger ပုံစံနဲ့ ဇာတ်သိမ်းခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ရုပ်ရှင်သစ်ကို ဆက်လက်ထုတ်လုပ်သွားဖို့ကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Kalki 2898 AD ရဲ့ နောက်ဆက်တွဲရုပ်ရှင်သစ်ဟာ နှစ်ကားတွဲရုပ်ရှင်အနေနဲ့ထွက်ရှိလာမှာဖြစ်ပြီး ၂၀၂၅ နှစ်ဦးပိုင်းမှာ စတင် ရိုက်ကူးသွားနိုင်ကြောင်း သိရှိရပါတယ်။

ဆိုလိုတဲ့သဘောတရားကတော့ Kalki 2898 AD နဲ့ ပတ်သက်ပြီး ရုပ်ရှင်နှစ်ကားထွက်လာမှာဖြစ်ပြီး သရုပ်ဆောင် Kamal Haasan ရဲ့ ဗီလိန်ဇာတ်ကောင် Supreme Yashkin ကို အဓိကပွဲထုတ်သွားမှာဖြစ်ပါတယ်။ Kalki 2898 AD ရုပ်ရှင်နှစ်ကား ကိုလည်း ဒါရိုက်တာ Nag Ashwin ကပဲ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး Vyjayanthi Movies ကပဲ ဆက်လက်ထုတ်လုပ် ကာ Priyanka Dutt နဲ့ Swapna Dutt တို့ကပဲ ထုတ်လုပ်သူတွေအဖြစ် တာဝန်ယူထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Kalki 2898 AD ရဲ့ နောက်ဆက်တွဲရုပ်ရှင်သစ်အတွက် ရိုက်ကူးရေးနဲ့ထုတ်လုပ်တည်းဖြတ်ရေးကာလဟာ အနည်းဆုံး ၃ နှစ် အထိ အချိန်ယူသွားနိုင်ကြောင်းကိုလည်း သိရပါသေးတယ်။ ဘာသာရေးနဲ့ ခေတ်လွန်သိပ္ပံပညာကို ရောစပ်ရိုက်ကူးထားတဲ့ Kalki 2898 AD ဟာ ဟိန္ဒူကျမ်းစာလာ ကုရုခေတ္တရာစစ်ပွဲအပြီး နှစ်ခြောက်ထောင်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အချိန်ကာလကြာမြင့်လာချိန်မှာ လူသားတွေဟာ အစာရေစာရှားပါးမှုနဲ့ သေကျေပျက်ဆီးမှုဒဏ်ကို ပိုမိုရင်ဆိုင်လာရပုံ အပါ အဝင် ဒီလိုကပ်ဆိုက်ကာလကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်။

Kalki 2898 AD မှာ Bãhubali သရုပ်ဆောင် Prabhas, ဝါရင့် Bollywood မင်းသားကြီး Amitabh Bachchan နဲ့ နာမည် ကျော် Tamil သရုပ်ဆောင် Kamal Haasan အပြင် မင်းသမီး Deepika Padukone တို့ အဓိကပါဝင်သရုပ်ဆောင် ထားကြ သလို အခြား နာမည်ကျော် Telugu သရုပ်ဆောင်တချို့လည်း cameo ပါဝင်ထားပါသေးတယ်။လလက်ရှိမှာ Kalki 2898 AD ကို Netflix နဲ့ Amazon Prime Video တို့မှာ ott (Over the top) စနစ်နဲ့ ဖြန့်ချိပြသလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post MNDAA နှင့် TNLA ကို အကြမ်းဖက်အဖွဲ့အဖြစ် ယနေ့ ကြေညာလိုက်ပြီး ရခိုင်လက်နက်ကိုင် AA ကိုပါ အကြမ်းဖက် အဖွဲ့အဖြစ် ပြန်လည်ကြေညာ