ပြည်ထောင်စုနယ်မြေအဆင့်မှ ရပ်/ကျေးအဆင့်အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန် ပေးနိုင်ရေး ဆောင်ရွက်နေပြီဟု UEC ဖြေကြား

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် လိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးနိုင်ရေး စီစဉ်‌ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ယနေ့တွင် ဖြေကြားထားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်နှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကော်မရှင်အဖွဲ့ဝင်များ မည်သည့်အချိန်တွင် ခန့်အပ်ကာ စတင်လှုပ်ရှားနိုင်မည်နည်းဟု မီဒီယာများက မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြေကြားချက်အပြည့်အစုံမှာ “ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ကြီးကြပ်စီမံဆောင်ရွက်ရမည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြိုနယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ ခန့်အပ်တာဝန်ပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လာမည့် အောက်တိုဘာတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ၍ ရလဒ်များကြေညာပြီးသည်နှင့် ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့အတူ လာမည့် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Alpha ရုပ်ရှင်သစ် ရိုက်ကူးရေးစပြီ
Next post ကျေးလက်သဘာဝ ရယ်မောစရာ ဇာတ်လမ်းပုံစံ “ရှယ်ပဲ” ဇာတ်လမ်းတွဲ မိတ်ဆက်