မိုင်းလား အထူးဒေသ (၄) ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်း တရုတ် နိုင်ငံတွင် ကင်ဆာဖြင့်သေဆုံး၊ နာရေးကို မိုင်းလားတွင် ပြုလုပ်မည်ဟု သိရ

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ခေါ် )မိုင်းလား တပ်ဖွဲ့ NDAA/ESS ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်း ကွယ်လွန်သွားကြောင်း သိရသည်။ ယမန်နေ့ သြဂုတ်လ ၈ ရက်က တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကင်ဆာရောဂါဖြင့် တက်ရောက်ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

“သူက ပေါက်ယူချန်းတို့နဲ့ ရွယ်တူ။ အခု အသက် ၇၀ လောက် ရှိပြီ။ နာရေးကိုတော့ မိုင်းလားမှာ လုပ်ဖို့ စီစဉ်နေကြတယ်။ ဘယ်နေ့လုပ်မယ်ဆိုတာ မသိရသေးဘူး။ ဦးစိုင်းလင်းက ဖုန်ကြားရှင်ရဲ့ သမက်၊ ဖုန်တာ့ရွှင်(ကိုးကန့်တရုတ် MNDAA အဖွဲ့ခေါင်းဆောင်) ရဲ့ ယောက်ဖပေါ့။ ဦးစိုင်းလင်းရဲ့ လက်ရှိ မိန်းမက ဖုန်ကြားရှင်ရဲ့ သမီးလေ။ ဖုန်တာ့ရွှင် ညီမ မနန်းရင်။ အထူးဒေသ (၄) က ဦးစိုင်းလင်း။ အထူးဒေသ (၁) က လောက်ကိုင်။ အထူးဒေသ (၂) က ပန်ဆိုင်း။ အထူးဒေသ (၃) က ဦးဇခုန်တိန်ယိမ်း၊အထူးဒေသ (၅) က ဦးမထုနော်။ အထူးဒေက (၆)က ဦးအောင်ခမ်းထီ။ အဲလိုရှိတယ်။ မြန်မာနိုင်ငံမှာ အထူးဒေသက ၁၃ ခု နဲ့ နောက်ထပ်ပေးဖို့ ၄ ခု လုပ်နေတာနဲ့ဆိုရင် ၁၇ ခု ရှိပါတယ် ”ဟု ဦးစိုင်းလင်း မိသားစုနှင့် နီးစပ်သော နိုင်ငံရေးသမားတစ်ဦးထံမှ သိရပါသည်။

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်တွင် ဦးစိုင်းလင်း ဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မိုင်းလားတပ်ဖွဲ့အတွက် ဦးစိုင်းလင်း၏ သားဖြစ်သူ ဦးထိန်လင်းက ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပြီး ဦးစိုင်းလင်းနေရာကို ဆက်ခံမည်ဟုလည်း ကနဦးသိရသည်။ မိုင်းလား NDAA သည် “ဝ” ဦးဆောင်သော FPNCC တွင် MNDAA ၊ AA နှင့် TNLA ကဲ့သို့ အဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သော ရက်ပိုင်းက မိုင်းယောင်းမြို့ကို ဝင်ရောက်နေရာယူ တပ်စွဲမှု ပြုခဲ့သော လက်နက်ကိုင်အဖွဲ့လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သမီးဦးရတနာလေး အောင်မြင်စွာမွေးဖွားခဲ့ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ အိချောပို
Next post မိုးညိုမြို့နယ်၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ရေဘေးသင့်ပြည်သူ (၁၁၈)ဦးအတွက် ဆန် (၃၅)အိတ်နှင့် အာဟာရမုန့်များ လှူဒါန်း