မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်း

၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၂ ရက်နေ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ ချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ယနေ့ နံနက်ပိုင်းက မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ဩဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်မှ စတင် ပြီး မန်းချောင်းရေများ ဖြတ်ကျော်စီးဆင်းကာ ညပိုင်းတွင် ရင်ပြင်အထက် ၅ ပေခန့်အထိ သိသိသာသာ တိုးမြင့်ရောက်ရှိခဲ့ ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် မန်းချောင်းရေများ ပြန်လည်ကျဆင်းပြီး အောက်စက်တော်ရာ ရင်ပြင်အထက် ၃ ပေခန့်သာ ဆက်လက် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်းသိရသည်။

နေ့စဉ် မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်းသို့ စီးဆင်း ဝင်ရောက်ကာ အဆိုပါမန်းချောင်းများမှတစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်း ဝင်ရောက်ပြီး ရေကြီးမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

ထို့အပြင် မန်းရွှေစက်တော်ဘုရားကြီး အထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင် တမံ၌ ယနေနံနက် ၈ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၅ ဒသမ ၇ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါမန်းချောင်းရေများက ရွှေစက်တော် မန်းချောင်းအတွင်းသို့ ပိုမိုဖြတ်သန်းစီးဆင်းဝင်ရောက်ကာ မန်းချောင်းအောက်ပိုင်းရှိ မင်းဘူး(စကု)မြို့နယ်အတွင်းက မြေနိမ့်ပိုင်းကျေးရွာအချို့တွင် မန်းချောင်းရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်/ရုရှားတို့နဲ့ စစ်ဖြစ်ရင် အမေရိကန်ကြည်းတပ်မှာ လုံလောက်တဲ့အင်အားမရှိဘူးလို့ ကွန်ဂရက် ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြ
Next post ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝန်ထမ်းတစ်ဦးက ခရီးသည်၏ Laptop ကို ခိုးယူမှုဖြစ်ပွားရာ ဖမ်းဆီးရမိ