ကျွန်တော်နှင့်လိင်ဆက်ဆံမလားဆိုပြီး လမ်းမပေါ်မှာ လိုက်မေးသော ငြိမ်းချမ်းထက်အောင်နှင့် မောင်လေးစုပ် တေးသီချင်းစီစဥ်သူကို အမှုဖွင့်

အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းနှင့် ကျွန်တော်နှင့် လိင်ဆက်ဆံမလားဆိုပြီး ညစ်ညမ်း မေးခွန်းများကို လမ်းသွားလမ်းသာလမ်းမပေါ်မှာ လိုက်လံမေးမြန်း၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်ပြသသူ ငြိမ်းချမ်းထက်အောင် အပါအဝင် သက်ဆိုင်သူတို့အား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ညတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွနားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ ပတရားကင်းမဲ့သော ရိုက်ကူးထုတ်လွှင့်ပြသမှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီးဖြစ်သည်။

ယခုအခါ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

ထို့ပြင် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့မရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

သို့ပါ၍ ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post နစက ဥက္ကဋ္ဌထံ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက်ဂါဝရပြု တွေ့ဆုံ