နစက ဥက္ကဋ္ဌထံ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက်ဂါဝရပြု တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့က ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသည့်  အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel ၊ နီပေါနိုင်ငံမှ Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne (Retd) WWV RWP RSP USP Ndc psc MPhil ၊ ထိုင်းနိုင်ငံမှ Ms. Kanyarat Angkanavisalya နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့က လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအချင်းချင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဆက်သွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင် နိုင်ငံများအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ထို့ပြင် ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှု အခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဆိုသည်မှာ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့အား ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်နှင့် ထိုင်း စသည့် ၇ နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျွန်တော်နှင့်လိင်ဆက်ဆံမလားဆိုပြီး လမ်းမပေါ်မှာ လိုက်မေးသော ငြိမ်းချမ်းထက်အောင်နှင့် မောင်လေးစုပ် တေးသီချင်းစီစဥ်သူကို အမှုဖွင့်
Next post (၂၆-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ