လားရှိုး အကျဥ်းထောင် ပွင့်သွားပြီး အကျဥ်းသား ၃၇၀ လွတ်မြောက် သတင်းမှားယွင်း

လားရှိုး အကျဥ်းထောင် ပွင့်သွားပြီး အကျဥ်းသား ၃၇၀ လွတ်မြောက်တယ်ဆိုတဲ့ သတင်းက မှားယွင်းတယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီညနေပိုင်းမှာ လားရှိုးအကျဥ်းထောင်ပွင့်သွားပြီး အကျဥ်းသားအမျိုးသား ၃၀၀ နဲ့ အမျိုးသမီး ၇၀ လွတ်မြောက်တယ်ဆိုတဲ့ သတင်းတွေပျံ့လွင့်လာပြီး ဒီဖြစ်စဥ်အပေါ်အကျဥ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက သတင်းမှားသာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း လားရှိုးမြို့အနီး ခလရ (၄၁) က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့အတွင်းကို ဆုတ်ခွာသွားတဲ့အတွက် ခလရ (၄၁) ထဲမှာ နိုင်ငံရေးမှူ၊ PDF ထောက်ပို့မှုနဲ့ PDF အဖြစ် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်လာမှုရှိတယ်လို့ TNLA တပ်ဖွဲ့ဝင် တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့မေလကုန်မှာ AA က ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးမှုနဲ့ နိုင်ငံရေး မှုတွေနဲ့ ဖမ်းဆီးထားသူ ၉၈ ဦးကို လွှတ်ပေးခဲ့သလို AA တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့က အကျဉ်းထောင်က အကျဉ်းသား ဒါမှမဟုတ် ဝန်ထမ်းတွေ ထွက်ပြေးမှုရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး မန္တလေး PDF တိုက်ခိုက် သိမ်းပိုက် လိုက်တယ်ဆိုတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာလည်း ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ရဲအချုပ်စခန်းက အချုပ်သား တွေကို လွတ်မြောက်သွားမှုရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လဆန်းက မတူပီမြို့သိမ်းတိုက်ပွဲမှာ အကျဥ်းသား ၁၃ ဦး လွတ်မြောက်ခဲ့တယ်လို့ မတူပီတပ်မဟာ (၁) က ပြောခဲ့သလို ဇူလိုင် ၂၀ ရက်မနက်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို CDF Hakha က ဝင်တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ရတဲ့အပြငိ ရာဇဝတ်မှုတွေ၊ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့အချုပ်သား ၆၂ ဦးကိုလည်း လွှတ်ပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post လူကြမ်းသရုပ်ဆောင်ကြီးကို နေရာပေးပြီး ပွဲထုတ်ပြလိုက်တဲ့ အလိုက်သိတတ်သူ ပိုပို