မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်အောင်ပွဲ (၁)နှစ်ပြည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ (၁)နှစ်ပြည့်အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

နစက ဥက္ကဋ္ဌက အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ တက်ရောက်လာကြသူများက ပေါက်မြိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌက ပေါက်မြိုင် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ ပြီးနောက် ဒုတိယဥက္ကဋ္ဌက မဟာသီဟနာဒကျောင်းတိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကာ တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အခမ်းအနားအပြီးတွင် နစက ဥက္ကဋ္ဌနှင့်  အခမ်းအနားတက်ရောက်လာကြသူ များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ်၊ ၁၃၈၅ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာခမ်းအနားများကို အောင်မြင်စွာဆင်ယင် ကျင်းပပူဇော်နိုင်ခဲ့ပြီး ယနေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်အောင်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၁-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ