လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ် တည်ဆောက်ခြင်း ပန္နက်တင်ပွဲပြုလုပ်

KNPP၊ KNDF ဦးဆောင်တဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ လွိုင်ကော်မြို့သိမ်းဖို့ လုပ်ဆောင်ချိန် ပျက်စီးသွားခဲ့တဲ့ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ် ပြန်လည်တည်ဆောက်ဖို့ ယမန်နေ့နံနက်ပိုင်းက ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့က သီရိမင်္ဂလာဈေးကြီးဟာ ပြည်နယ်ရဲ့အထင်ကရဈေးတစ်ခုဖြစ်သလို ဒေသနေပြည်သူတွေ အဓိကရောင်းဝယ်ဖောက်ကားရာဈေးကြီးတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က KNPP၊ KNDF ဦးဆောင်တဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စျေးပျက်စီးပြီး ပြည်သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရတာပါ။

လက်ရှိမှာတော့ KNPP၊ KNDF ဦးဆောင်တဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ အရှုံးနဲ့ ဆုတ်ခွာသွားကြပြီဖြစ်လို့ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဇွန်လ ၁၅ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက သီရိမင်္ဂလာဈေး (တောင်ဈေး) မီးလောင်ပြင်မြေနေရာ ရှင်းလင်းဆောင်ရွက်တာနဲ့ အဆင့်မြင့်ဈေးအသစ် အမြန်ဆုံးပြန်လည်တည်ဆောက် နိုင်ရေး ကြိုတင်ပြင်ဆင်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဒီနေ့မနက်မှာတော့ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူးနဲ့ ပြည်နယ်အစိုးရအဖွဲ့၀င်တွေက သီရိမင်္ဂလာအဆင့်မြင့် ဈေးသစ် ဆောက်လုပ်မယ့်မြေနေရာကို ပန္နက်တော်တင်တာ၊ အမွေးနံ့သာရည် ပက်ဖျန်းတာတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။

လက်ရှိမှာ ပြန်လည်တည်ဆောက်မဲ့ သီရိမင်္ဂလာအဆင့်မြင့်ဈေးကြီးကို (၁)ထပ်ဆိုင်ခန်း (၃၀၀)ခန်း၊ (၈)ခန်းတွဲ (၆၇၂)ခန်း၊ (၆)ခန်းတွဲ (၁၂၄)ခန်း၊ အစားသောက်တန်း (၅၄)ခန်းတို့နဲ့ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် အမြန်ပြန်လည်တည်ဆောက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ KNPP၊ KNDF ဦးဆောင်တဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ လွိုင်ကော်မြို့ သိမ်းဖို့ကြိုးပမ်းမှုအောက် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်နဲ့ လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ရှမ်းယူနိုက်တက်နှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်း တို့ သရေရလဒ်သာထွက်ပေါ်ခဲ့