နောက်ဆက်တွဲထပ်ထွက်ဖို့ရှိသေးတဲ့ Telugu ရုပ်ရှင် Kalki 2898 AD

Bãhubali သရုပ်ဆောင် Prabhas, ဝါရင့် Bollywood မင်းသားကြီး Amitabh Bachchan နဲ့ နာမည်ကျော် Tamil သရုပ်ဆောင် Kamal Haasan တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Telugu စကားပြော အိန္ဒိယရုပ်ရှင်တစ်ကားဖြစ်တဲ့ Kalki 2898 AD ဟာ ဇွန်လ ၃၀ ရက်နေ့ကနေစတင်ကာ ရုံတင်ပြသနေတာဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့အထိ ပြည်တွင်း ပြည်ပရုံတင်ငွေစုစုပေါင်း အိန္ဒိယရူပီး ၇.၇၄ ဘီလျံ (၇၇၄ ကုဋေ) အထိ ရရှိနေလျက်ရှိပါတယ်။

ဘတ်ဂျက်မြင့် sci-fi ရုပ်ရှင် Kalki 2898 AD ကို ဒါရိုက်တာ Nag Ashwin ကရိုက်ကူးထားတာဖြစ်ပြီး အငတ်ဘေး၊ ရောဂါကပ်နဲ့ စစ်ပွဲတွေကြောင့် ကပ်ဆိုက်နေတဲ့ကမ္ဘာကိုဇာတ်အိမ်ယူထားတာဖြစ်ပြီး ဟိန္ဒူဘာသာရဲ့ မဟာဘာရတဇာတ်ကို ကျောရိုးယူကာ ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ Nag Ashwin ရဲ့ အဆိုအရ Kalki 2898 AD ဟာ မဟာဘာရတဇာတ်တော်ကို အခြေတည်ထားရုံသာမက မဟာဘာရတရဲ့ဇာတ်ကောင်တွေကိုပါ ကောက်နှုတ်ဖန်တီးထားတာဖြ​စ်ပြီး နောက်ဆက်တွဲရုပ်ရှင်တစ်ကားကိုပါ ဆက်လက်ထုတ်လုပ်သွားဖို့ရှိကြောင်းသိရပါတယ်။ Sequel ရုပ်ရှင်မှာ သရုပ်ဆောင် Prabhas, Amitabh Bachchan နဲ့ Kamal Haasan တို့ရဲ့ ဇာတ်ကောင်တွေဖြစ်ကြတဲ့ Bhairava, Ashwatthama နဲ့ Yashkin တို့ရဲ့ သုံးပွင့်ဆိုင်တိုက်ပွဲတစ်ခုကို အခြေတည်ဖန်တီးသွားမှာဖြစ်ကြောင်းကိုလည်း သိရပါတယ်။Kalki 2898 AD အပြင် Amazon Prime Video ရဲ့ B&B: Bujji and Bhairava ဆိုတဲ့ animated ဇာတ်လမ်းတွဲတစ်ခုလည်းရှိပါသေးတယ်။

ဘာသာရေးနဲ့ ခေတ်လွန်သိပ္ပံပညာကို ရောစပ်ရိုက်ကူးထားတဲ့ Kalki 2898 AD ဟာ ကုရုခေတ္တရာစစ်ပွဲအပြီးကနေ သက္ကရာဇ် ၂၈၉၈ ခုနှစ်အတွင်း နှစ်ခြောက်ထောင်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အချိန်ကာလကြာမြင့်လာချိန်မှာ လူသားတွေဟာ အစာရေစာရှားပါးမှုနဲ့ သေကျေပျက်ဆီးမှုဒဏ်ကို ပိုမိုရင်ဆိုင်လာရပုံအပါအဝင် ဒီလိုကပ်ဆိုက်ကာလကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်။လက်ရှိမှာ Kalki 2898 AD ဟာ ရုံတင်ပြသနေလျက်ရှိနေပြီး ott ပေါ်မှာ ဘယ်အချိန်မှာစတင်ပြသမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မိုးမြတ်သူဇာ တိုင်းရင်းသား ၁၃၅ မျိုး ဝတ်စုံ ဆိုင်ဖွင့်ပွဲ အနုပညာရှင်တွေ တက်ရောက်ဖွင့်လှစ်ခဲ့