မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ပြောကြား

ဇူလိုင်လ ၃ ရက်

အားလုံးမင်္ဂလာပါ

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေ မင်္ဂလာအပေါင်းနဲ့လည်း ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းအနက် အမျိုးသမီးပါဝင်မှုဟာ ၂၉ ဒသမ ၄ သန်းဖြစ်တဲ့အတွက် နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးများဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်တဲ့ ပြည်ထောင်စုဖြစ်တာနဲ့အညီ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ၊ ဘာသာစကား၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနဲ့ သမိုင်းကြောင်း၊ ပထဝီဝင်အနေအထား အမျိုးမျိုးရှိကြပေမယ့်လည်း အမျိုးသမီးများအပါအဝင် တိုင်းရင်းသားအားလုံးဟာ စည်းလုံးညီညွတ်စွာနဲ့ ချစ်ခင်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးတွေဟာ မြန်မာ့ လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်မှာ အမျိုးသားတွေနဲ့ရင်ပေါင်တန်းပြီး စွန့်လွှတ် အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများနဲ့ ပါဝင်ခဲ့ကြပါတယ်။ ဒီနေ့ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြရာမှာလည်း ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာ အမျိုးသမီးထုစွမ်းအားကြီးကို မြင်တွေ့နေကြရပြီဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး လုပ်ငန်းတွေအပါအဝင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ နယ်ပယ် အသီးသီးမှာ ကာယအား၊ ဉာဏအားတွေနဲ့ စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်ကြီးမားတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒီနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ အမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကဏ္ဍအသီးသီးက စွမ်းဆောင်ရည်ရှိတဲ့ ထူးချွန် အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့နေ့လည်းဖြစ်တဲ့အတွက် မြန်မာ အမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်းနဲ့ အမျိုးသမီးများဘဝ သာယာလှပကြပြီး အစစအရာရာ အဆင်ပြေပါ စေကြောင်း ဆန္ဒပြုဆုတောင်းအပ်ပါတယ်။

၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံရဲ့ ဘေဂျင်းကြေညာစာတမ်းမှာ လုပ်ငန်းနယ်ပယ်အသီးသီးက အမျိုးသမီးများ အားလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတိုင်းမှာ အမျိုးသမီးကော်မတီများ ဖွဲ့စည်းရန် ဆိုတဲ့အချက်ပါရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးများ အားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ စွမ်းဆောင်ရည်မြင့်မားရေး တို့ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အဓိကထား အမျိုးသမီးများအရေးကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လေးစားဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ရည်ရှိတဲ့ မြန်မာအမျိုးသမီးတွေကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၈ ခုနှစ်ကစပြီး ဇူလိုင်လ (၃)ရက်နေ့မှာ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ မူလတန်းကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနဲ့ သက်မွေး ပညာရေး၊ အဆင့်မြင့်ပညာရေးတို့ပါဝင်ပြီး ပညာရေးကဏ္ဍ နိမ့်ကျနေမှုကို မြှင့်တင်ဖို့ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင် လျက်ရှိပါတယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေတဲ့ကလေးတိုင်း အနည်းဆုံး အခြေခံပညာ အဆင့် မှ၁ KG+9 အထိ ပြီးမြောက်အောင် သင်ယူရေးမူဝါဒကို ချမှတ်ဆောင် ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် အချိန်မတိုင်မီ ကျောင်းမထွက်ကြ စေရေး၊ တန်းစဉ်ကူးပြောင်းမှု မလျော့နည်းစေရေးနဲ့ အသက်မွေးဝမ်း ကျောင်းပညာနဲ့ အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်ရေး အတွက် မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ကျား၊ မ ခွဲခြားမှုမရှိဘဲ တန်းတူရည်တူ ပညာသင်ကြားခွင့်ရရှိဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဖူးသူအဖြစ် အမျိုးသား ၁၀၀ မှာ ၆ ဒသမ ၅ ဦးနဲ့ အမျိုးသမီး ၁၀၀ မှာ ၉ ဒသမ ၄ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ အသက် ၂၅ နှစ်နဲ့အထက် လူဦးရေရဲ့ အမြင့်ဆုံး အောင်မြင်ပြီးစီးခဲ့တဲ့ အတန်းပညာကို စစ်တမ်းကောက်ယူခဲ့ရာ မူလတန်းအဆင့်မှာ အမျိုးသား ၄၂ ဒသမ ၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၁ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်မှာ အမျိုးသား ၂၅ ဒသမ J ရာခိုင်နှုန်း၊ အမျိုးသမီး ၁၈ ဒသမ ၈ ရာခိုင်နှုန်း ၊ အထက်တန်း အဆင့်မှာ အမျိုးသား ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး တက္ကသိုလ်ဘွဲ့ရအဆင့်မှာ အမျိုးသား ၉ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိ ရပါတယ်။ ဒါဟာ ပညာရေး ကွင်းဆက်တစ်လျှောက်မှာ ကျောင်း ထွက်မှုနှုန်းများပြီး ပညာတတ်သူ နည်းပါးလာမယ့် အခြေအနေဖြစ်တဲ့ အတွက် ပညာရေးမြှင့်တင်မှုလုပ်ငန်း တွေကို အလေးထားဆောင်ရွက် ပေးလျက်ရှိနေပါတယ်။ အမျိုးသမီးများရဲ့ ပညာရေးကဏ္ဍ ယခုထက် ပိုပြီး မြင့်မားလာစေရေးကိုလည်း အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ပညာရေးကဏ္ဍမှာ တဆက်တည်းလေ့လာကြည့်ရင် ကျောင်း ပညာ တက်ရောက်သင်ကြားနေသူ အခြေခံပညာကဏ္ဍမှာ အမျိုးသမီး ၅၀.၇၆ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၆၃.၆၀ ရာခိုင်နှုန်း၊ သိပ္ပံနဲ့ နည်းပညာမှာ ၄၇.၁၉ ရာခိုင်နှုန်း၊ ဆေးနှင့်နှီးနွှယ်ပညာမှာ ၇၀.၄၄ ရာခိုင်နှုန်း ပညာသင်ကြားနေတာတွေ့ရှိရပြီး ၂၀၂၃-၂၀၂၄ တက္ကသိုလ် ဝင် စာမေးပွဲအောင်မြင်သူမှာ ၆၄.၃၁ ရာခိုင်နှုန်းက အမျိုးသမီးများ ဖြစ်ကြတာ တွေ့ရပါတယ်။ သင်ကြားရေးတာဝန်ထမ်းဆောင်နေသူများ ကြည့်ရင် အမျိုးသမီးများအနေနဲ့ အခြေခံပညာမှာ ၈၃.၆၉ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၈၇.၈၉ ရာခိုင်နှုန်း၊ သိပ္ပံနဲ့ နည်းပညာမှာ ၈၆.၂၃ ရာခိုင်နှုန်း၊ ဆေးနဲ့နှီးနွှယ်ပညာမှာ ၈၀.၃၉ ရာခိုင်နှုန်း သင်ကြားရေး တာဝန် ထမ်းဆောင်နေ တဲ့အတွက် အမျိုးသမီးများပါဝင်မှု ပမာဏ ကြီးမားကြောင်းတွေ့ရှိရပါတယ်။

ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍတွေမှာ ကွာခြားချက် မကြီးမားစေရေးအတွက် အတတ်ပညာ တတ်မြောက်ပြီး အသိပညာပြည့်စုံတဲ့ ပညာတတ်များ ပေါများဖို့ လည်းလိုအပ်ပါတယ်။ အတန်းပညာရှိမှ အသိပညာနဲ့ အတတ် ပညာ ရဖို့ လွယ်ကူမှာဖြစ်ပြီး လူငယ်များ မိမိခြေထောက်ပေါ် ရပ်တည်နိုင်စေဖို့အတွက် အသိပညာများ၊ အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ပညာရည်မြင့်မားရေးနဲ့ လူငယ်များ ဗလငါးတန် ပြည့်ဝရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးမှာ မိခင်များ၊ ဆရာမများဖြစ်ကြတဲ့ . အမျိုးသမီး များရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတဲ့အတွက် အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။

၂၀၂၃ ခုနှစ် မြန်မာစာရင်းအင်းလက်စွဲအရ ၂၀၂၀-၂၀၂၃ လုပ်သား အင်အား ခန့်မှန်းစာရင်းအင်းများ အစီရင်ခံစာအရ လုပ်သားအင်အား ပါဝင်မှုနှုန်းမှာ အသက် (၂၅)နှစ်ကနေ(၂၉)နှစ်ကြား အုပ်စုဟာ အများဆုံး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စီးပွားရေးလုပ်ငန်းကဏ္ဍအလိုက် အလုပ်လက်ရှိ ရာခိုင်နှုန်းအနေနဲ့ ၂၀၂၃ ခုနှစ်မှာ အမျိုးသားများရဲ့ အလုပ်အကိုင်ရရှိမှုက လယ်ယာကဏ္ဍမှာ ၄၉ ဒသမ ၇၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၉ ဒသမ ၃၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၃၀ ဒသမ ၈၆ ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိပြီး အမျိုးသမီးများရဲ့ အလုပ်အကိုင်ရရှိမှုမှာ လယ်ယာကဏ္ဍမှာ ၄၂ ဒသမ ၀၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၆ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၄၁ ဒသမ ၁၂ ရာခိုင်နှုန်းတို့ရှိတာကိုလည်း တွေ့ပါတယ်။ ကဏ္ဍ အလိုက် အမျိုးသမီးများရဲ့ ပါဝင်မှုတိုးမြင့်လာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်မှာ ပါဝင်တဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်း လျော့နည်းကျဆင်းရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးချိန် တစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ မိခင်ဘဝရရှိစေဖို့ အလွန်အရေးကြီးပါတယ်။ ဝေးလံပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်ကြသူများအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိစေဖို့ စေတနာ့ဝန်ထမ်း အရန်သားဖွားဆရာမများ အသစ်မွေးထုတ်ခြင်း၊ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျန်းမာရေးအသိပညာများ တိုးတက်လာစေရန် အသိပညာပေး စာစောင်များ ပြုစုထုတ်ဝေဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ ကျား၊ မ တန်းတူညီမျှမှုကို အဟန့်အတားဖြစ်စေတဲ့ လူမှုရေးစံသတ်မှတ်ချက်များ၊ ဓလေ့ထုံးတမ်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဟာ ကျား၊ မ ရေးရာ ကွာဟချက်ဖြစ်ပေါ်စေနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်ပြုပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို လက်လှမ်းမီရရှိစေဖို့ အလေးထား ဖော်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ အခွင့်အရေးများနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဥပဒေနဲ့အညီ အပြည့်အဝကာကွယ်စောင့်ရှောက် ပေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် တည်ဆဲဥပဒေများနှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိ နေပါတယ်။

၂၀၂၃ ခုနှစ်မှာ UN Womenနဲ့ UNDP တို့ ပူးပေါင်းဆောင်ရွက် ခဲ့တဲ့ “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများစွမ်းဆောင်နိုင်မှုနဲ့ ကျား၊ မ တန်းတူညီမျှရေး လေ့လာဆန်းစစ်ချက်အစီရင်ခံစာ” အရ ညွှန်းကိန်းများ အနေနဲ့ (၀ ဒသမ ၈) အထက်က အမြင့်ဆုံးဖြစ်ပြီး (၀ ဒသမ ၆) အထက်ဟာ အလယ်အလတ်ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှုညွှန်းကိန်းမှာ (၀ ဒသမ ၅၁၈)၊ ကျား၊ မ ရေးရာ ညွှန်းကိန်းမှာ (၀ ဒသမ ၅၉၈) တို့ဖြစ်တဲ့အတွက် အလယ်အလတ်အဆင့်ရဲ့အောက်နားမှာ ရှိနေပါတယ်။ လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းအနေနဲ့ကတော့ (၀ ဒသမ ၅၅၀)နဲ့ (၀ ဒသမ ၆၉၉) ကြားရှိတဲ့ အတွက် အလယ်အလတ်အဆင့်မှာရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျား၊ မ တန်းတူရည်တူပါဝင်နိုင်မှု ပိုမိုတိုးတက်မြင့်မားရေးကို အလေးထားပြီး ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆောင်ပုဒ်နဲ့အညီ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း ကျင်းပခဲ့ပါတယ်။ ဒီဆောင်ပုဒ်ကတော့ နိုင်ငံတွေ အနေနဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘဏ္ဍာငွေအပါအဝင် ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လမ်းညွှန်မှုနဲ့အညီ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကတိကဝတ်များနဲ့ အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်း လုပ်ငန်းစီမံချက်နဲ့အညီ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ရဲ့ လုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို အကောင်အထည်ဖော်ရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်သော မိတ်ဖက် အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်း ကတိကဝတ်များနဲ့ ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၅)ဖြစ်တဲ့ ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြင့်စေရေးတို့နဲ့ သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေမှာ ရည်မှန်းချက် ပန်းတိုင်ပြည့်မီဖို့ ဆက်လက်အလေးထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ဒါ့ကြောင့် မြန်မာအမျိုးသမီးများရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဂုဏ်ရည်များဟာ ခေတ်အဆက်ဆက် ထင်ရှားပေါ်လွင်ခဲ့ တာမို့ ဆက်လက်ထိန်းသိမ်းသွားကြဖို့ လိုအပ်ပါတယ်။ အမျိုးသမီးများ ကဏ္ဍမြင့်မားရေး၊ အမျိုးသားများနဲ့ရင်ပေါင်တန်းပြီး တွဲလက်ညီညီနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ကဏ္ဍစုံမှာ အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်နိုင်ဖို့နဲ့ တစ်ဦးချင်းစီမှသည် မိသားစုအတွင်း၊ ရပ်ရွာအတွင်း၊ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုးတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဒေသခံ (၇)ဦး အသက်ဆုံးရှုံး
Next post (၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်