အကြမ်းဖက်မှု အတွေးအခေါ်တိုင်းကို ရှင်းရှင်းလင်းလင်း စွန့်လွှတ်နိုင်ပါစေလို့ အီစတာပွဲတော်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးလိုက်တဲ့ ပုပ်ရဟန်းမင်းကြီး

ခရစ်ယာန်ပြက္ခဒိန်မှာ အရေးကြီးဆုံးနေ့အဖြစ် သတ်မှတ်ကြတဲ့ အီစတာတနင်္ဂနွေ အထိမ်းအမှတ်အဖြစ် ဗာတီကန် နန်းတော်မှာ ပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲတွေကြောင့် ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေကို ရှုတ်ချခဲ့ကာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက ဆင်းရဲဒုက္ခခံစားနေရတဲ့ နိုင်ငံအများအပြားအတွက်လည်း ဆုတောင်းသတင်းစကားတွေ ပါးခဲ့ပါတယ်။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဖရန်စစ်ဟာ မကြာသေးမီရက်သတ္တပတ်တွေအတွင်း ကျန်းမာရေးမကောင်းဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ဘာသာရေးဆိုင်ရာ စီတန်းလှည့်လည်ပွဲမှာ တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေမဲ့ ယေရှုခရစ်တော် ပြန်လည်ရှင်သန်ထမြောက်တဲ့ အီစတာတနင်္ဂနွေ အထိမ်းအမှတ်အဖြစ် စနေနေ့ညနေက ဗာတီကန်နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကိုတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုယ်တိုင်ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် စိန့်ပီတာရင်ပြင်က လူအုပ်ကြီးနဲ့ လမ်းမပေါ်က လူအုပ်တွေကို အမိုးပွင့်ကားပေါ်ကနေ ပုပ်ရဟန်းမင်းကြီးက လိုက်လံနှုတ်ဆက်ခဲ့ပြီး ဝတ်ပြုဆုတောင်းပွဲကို လူပေါင်း ၆၀၀၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ဗာတီကန်က ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့အီစတာသဝဏ်လွှာမှာ အစဉ်အလာအားဖြင့် ကမ္ဘာ့ရေးရာတွေကို အဓိကထားလေ့ရှိပြီး ယူကရိန်း၊ ဆီးရီးယား၊ လက်ဘနွန်၊ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်၊ ဟေတီ၊ မြန်မာ၊ ဆူဒန်၊ ကွန်ဂိုနဲ့ မိုဇမ်ဘစ် အပါအဝင် အခြားနေရာတွေကို ဖော်ပြခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့ဒေသအသီးသီးက နိုင်ငံအများအပြားကို ဆုတောင်းစကားဆိုပေးနေစဉ် အာရှဘက်ကို ရောက်လာချိန်မှာတော့ “နှစ်ပေါင်းများစွာကြာ ပြည်တွင်းပဋိပက္ခတွေကြောင့် ယိုယွင်းနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အတွေးအခေါ်တိုင်းကို ရှင်းရှင်းလင်းလင်း စွန့်လွှတ်နိုင်ပါစေ” လို့ ဆုတောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးက အခုနှစ်အစောပိုင်းတုန်းကလည်း ကမ္ဘာ့အနာကြီးရောဂါနေ့ကို ပြန်လည်အမှတ်ရဖို့ မိန့်ခွန်းပြောကြားနေချိန်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လျှောက်လှမ်းဖို့ တိုက်တွန်းတောင်းဆိုခဲ့ဖူးပါသေးတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဆိုပါ အီစတာပွဲတော် အထိမ်းအမှတ် ဆုတောင်းဝတ်ပြုပွဲမှာ လူကုန်ကူးမှုတွေကိုလည်း ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှု၊ ငတ်မွတ်မှုနဲ့ ရာသီဥတုဖောက်ပြန်မှုရဲ့ သက်ရောက်မှုတွေကို ခံစားနေရသူတွေနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်တွေရဲ့ မျှော်လင့်ချက်လမ်းစအတွက်လည်း ဆုတောင်းခဲ့သလို ရောမမြို့သားတွေနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး ပျော်ရွှင်ဖွယ် အီစတာဖြစ်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သင်္ကြန်အမှတ်တရနှင့် နှစ်ဦးအလှူအဖြစ် အမေများအဖွဲ့ကို ကျပ်သိန်း ၃၀ လှူဒါန်းခဲ့သော စမိုင်းလ်
Next post တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် အား နစက ဉက္ကဋ္ဌ လက်ခံတွေ့ဆုံ