နစကဉက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နစက ဉက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားရာတွင်  ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် မိမိအနေဖြင့် တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်အောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေးနှင့် လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းနိုင်ရေး နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း။

ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကဏ္ဍ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ပြီး အဆိုပါလုပ်ငန်းများကိုအခြေခံ၍ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများ တိုးတက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များရှိမှသာ စက်ရုံ၊ အလုပ်ရုံများလည်ပတ်နိုင်ပြီး ဘဏ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါ လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်တက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

ယခုအခါ ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပိုမိုပူပြင်းလာပြီး ရေအခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း၊ ရေရှားပါးသည့် ဒေသများတွင် ရေပြတ်လတ်မှုမရှိစေရေးနှင့် စိုက်ပျိုးရေများ လုံလောက်စွာ ရရှိစေရေး ကြိုတင်တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း နစက ဉက္ကဋ္ဌက ဆက်လက် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မြန်မာစာရေးထုံးနှင့်ပတ်သက်၍ စနစ်ကျ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စာပေအားထိန်းသိမ်းခြင်းကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ သတင်းလုံခြုံမှုအတွက် Cyber Security နှင့် ပတ်သက်ပြီး အမြဲသတိပြုရန်လိုကြောင်း၊ မကြာမီကာလအတွင်း မြန်မာ့ရိုးရာအတာ သင်္ကြန်ကာလသို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း၊ ရိုးရာအစဉ်အလာနှင့်အညီ သင်္ကြန်ပွဲတော်ကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၆-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ