၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား နေပြည်တော်ကောင်စီနယ်မြေအတွင်း  မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား ၃၇၅၀ ဦး၊ ကျောင်းသူ ၄၉၂၆ ဦး၊ စုစုပေါင်း ၈၆၇၆ ဦးတွင် ဖြေဆိုသူ ကျောင်းသား ၃၆၁၅ ဦး၊ ကျောင်းသူ ၄၈၁၃ ဦး၊ စုစုပေါင်း ၈၄၂၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ တွင်လည်း တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူ စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ်ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာန တို့တွင် စာရင်းရှိ ဦးရေမှာ ( ၁၄၆၅၂၃ ) ဦးရှိပြီး လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦး ရှိသည်။ နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ဖြေဆို ရာခိုင်နှုန်းမှာ (၈၇ ဒသမ ၉၀ ) ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် သင်္ချာဘာသာရပ်၊ မတ် ၁၄ ရက် ကြာသပတေးနေ့ တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၅ ရက် သောကြာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာ ရပ်၊ မတ် ၁၆ ရက် စနေနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရ မည်ဖြစ်၍ မတ် ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post AA အကြမ်းဖက်သောင်းကျန်းသူများ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး တို့ ဗုံးစထိမှန်ဒဏ်ရာများရရှိ