လောက်ကိုင်မြို့ရှိ ဗမာတန်းကို ဖယ်ရှားရန် MNDAA အကြောင်းကြားဟုဆို

လောက်ကိုင်မြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် မတ်လ ၁၁ ရက် နောက်ဆုံးထား၍ MNDAA အဖွဲ့က ရွှေ့ပြောင်းခိုင်းထားကြောင်း ဗမာတန်းတွင် စျေးရောင်းချသူအချို့က လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားချက်အရ သိရသည်။

ထိုသို့ နေအိမ်ဆိုင်ခန်းများ ဖျက်သိမ်းရွှေ့ပြောင်းရန် မတ်လ ၉ ရက်က MNDAA အဖွဲ့က အကြောင်းကြားလာခြင်းဖြစ်ကြောင်းနှင့် နေအိမ်ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ယခုကိစ္စရပ်အား အကြောင်းကြားမှုမရရှိမီကတည်းက ကြိုတင်သတင်းကြားသဖြင့် MNDAA အဖွဲ့၏ လောက်ကိုင်မြို့ အုပ်ချုပ်ရေးရုံးထံ သုံးကြိမ်တိုင်သွားရောက်၍ နေအိမ်များကို ဖျက်သိမ်းခြင်းမပြုရန် အကူအညီတောင်းခံ တင်ပြခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဗမာတန်းဆိုင်ခန်းများ၏ အရှေ့ဘက်နှင့် နောက်ကြောဘက်တွင် တစ်လမ်းမောင်းလမ်း တစ်လမ်းစီရှိပြီး ဗမာတန်းသည် တစ်လမ်းမောင်းလမ်း နှစ်လမ်း၏ အလယ်တွင်ရှိနေသဖြင့် ယခုဖျက်သိမ်းရန်အကြောင်းပြချက်မှာ လမ်းချဲ့ရန်အတွက်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိတစ်လမ်းမောင်း နှစ်လမ်း၏ အကျယ်မှာ ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး တစ်ပြိုင်တည်းသွားလာနိုင်ပြီး ပလက်ဖောင်းအကျယ်မှာလည်း တစ်ဖက်လျှင် ၁၀ ပေခန့်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါ ဗမာတန်းဟုခေါ်သည့် ပေါင်ဖုန်းလမ်း အလယ်လမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်း အနည်းငယ်သာပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းကြောင့် ဒေသခံများက ဗမာတန်းဟု ခေါ်တွင်ခြင်းဖြစ်ကြောင်းနှင့် မြန်မာပြည်တွင်းမှ လာရောက်သည့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ MNDAA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ယင်းဆိုင်ခန်းများမှာ လမ်း၏ အလယ်တွင် ဆောက်ထားခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအတွင် လမ်းကြောကျပ်တည်းသည့် နေရာများကို လမ်းချဲ့ထွင်ခြင်းဖြစ်ကြောင်း BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

“လူမျိုးရေးကြောင့် ဗမာတန်းကိုဖျက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဗမာတန်းတစ်ခုတည်းကိုမဟုတ်ဘဲ တခြားလမ်းက အဆောက်အဦလည်း လမ်းနဲ့မလွတ်လို့ ဖျက်တယ်။ လူအရမ်းစည်ပြီး လမ်းကျဉ်းတဲ့နေရာတွေ လမ်းချဲ့တယ်၊ လမ်းချဲ့တဲ့နေရာတွေမှာ မဖြစ်မနေ ဖျက်ရပါတယ်”ဟု လီကျားဝင်းက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အတူ ဗမာလူမျိုးများ လောက်ကိုင်သို့ ဝင်ခွင့်မပြုရန် တားမြစ်ထားခြင်း မရှိကြောင်း၊ လိုအပ်သည့် စစ်ဆေးမှုရှိသော်လည်း မည်သည့်လူမျိုးကို မဆိုဝင်ခွင့်ပြုကြောင်းနှင့် နိုင်ငံရေးနောက်ကြောင်း မရှင်းသူများကိုသာ လက်မခံခြင်းဖြစ်ကြောင်း ၎င်းက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၁-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ