Netflix နဲ့ A24 တို့ရဲ့ Beef Season 2 မှာ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်လာဖွယ်ရှိ

ပြီးခဲ့တဲ့ ၂၀၂၃ က ထွက်ရှိခဲ့တဲ့ A24 ကုမ္ပဏီရဲ့ Netflix ဇာတ်လမ်းတွဲသစ် Beef ဟာ ရုပ်ရှင်ပရိသတ်ကြားမှာ အားပေးမှု များစွာရရှိခဲ့သလို ၇၅ ကြိမ်မြောက် ရုပ်သံအစီအစဥ်နှင့် ဇာတ်လမ်းတွဲဆိုင်ရာထူးချွန်ဆုပေးပွဲ Emmys မှာလည်း ဆု ၈ ဆု အထိရရှိခဲ့ပါတယ်။

Netflix မှာ ထုတ်လွှင့်ခဲ့တဲ့ A24 ကုမ္ပဏီရဲ့ Beef ဇာတ်လမ်းတွဲကို တောင်ကိုရီးယားဒါရိုက်တာ Lee Sung Jin က ရေးသား ရိုက်ကူးခဲ့တာဖြစ်ပြီး The Walking Dead သရုပ်ဆောင် Steven Yeun နဲ့ နာမည်ကျော် stand-up comedian တစ်ယောက်ဖြစ်သူ Ali Wong တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Beef ကို Season 2 ထုတ်လုပ်သွားဖို့အတွက် တရားဝင်ကြေညာခြင်းမရှိသေးပေမယ့်လည်း Deadline မဂ္ဂဇင်းရဲ့ ဆောင်းပါး တစ်ပုဒ်အရ A24 ဟာ Beef Season 2 အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်သလို သရုပ်ဆောင်ရွေးချယ်မှုများကိုပါ ပြုလုပ် နေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဆောင်းပါးအရ Beef Season 2 ဟာ စုံတွဲနှစ်တွဲရဲ့ ရှုပ်ထွေးမှုတွေကို ရိုက်ကူးပြသမှာဖြစ်ပြီး Jake Gyllenhall နဲ့ Anne Hathaway တို့လို ထိပ်သီးဟောလိဝုဒ်သရုပ်ဆောင်တွေနဲ့အတူ May December သရုပ်ဆောင် Charles Melton နဲ့ Priscilia သရုပ်ဆောင် Cailee Spaney တို့လည်း ပါဝင်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိမှာ ဘယ်လိုသဘော တူညီမှုမျိုးကိုမှ ရယူထားခြင်းမရှိပေမယ့်လည်း Season 2 အတွက် ဇာတ်ညွှန်းကို A24 နဲ့ Neflix တို့ဘက်က ရယူထားပြီး ဖြစ်သလို လာမယ့်နွေရာသီ သို့မဟုတ် ဆောင်းဦးရာသီမှာ စတင်ရိုက်ကူးသွားဖွယ်ရှိနေကြောင်း အဆိုပါဆောင်းပါးမှာ ရေးသားထားပါသေးတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Netflix နဲ့ A24 အပါအဝင် သရုပ်ဆောင်တွေဘက်ကလည်း တစ်စုံတစ်ရာ အတည်ပြုလာခြင်းမရှိသေးပါဘူး။ Beef ဒါရိုက်တာ Lee Sung Jin အနေနဲ့ အကယ်၍သာ Season 2 ကို ဆက်လက်ရိုက်ကူးခွင့်ရမယ်ဆိုရင် Beef ခေါင်းစဥ်အောက်မှာ တခြားသရုပ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းအသစ်ကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း ၂၀၂၄ ဇန်နဝါရီလက အင်တာဗျူးတစ်ခုမှာ​ မှတ်ချက်ပေးခဲ့ဖူးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇.၂.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၈-၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်