နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်အား တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ယနေ့ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr.Alounkeo Kittikhoun တို့တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်အပေါ်ချိန်ညှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

ထို့သို့တွေ့ဆုံရာတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက် ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မတော်အနေဖြင့် အခိုင်အမာ ရပ်တည်ဆောင်ရွက်လျက် ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေး မျှော်မှန်းချက်နှင့် အမျိုးသားရေး မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ တွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် အချိန်တွင် ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ ကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘော တူညီချက် ငါးရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဘက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပန်းချီဆရာ မြင့်ဝေ၏ တစ်ကိုယ်တော် စိတ်ခံစားချက် ပန်းချီပြပွဲ မော်လမြိုင်တွင် ကျင်းပ
Next post ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ