နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဓမ္မရာဇက စေတီတော်ကြီး ထီးတော်၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် အသစ် လှူဒါန်းပူဇော်မည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇကစေတီတော်ကြီး ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အသစ်တို့ လှူဒါန်းပူဇော်မည်ဖြစ်ရာ ထီးတော်ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ ဓမ္မရာဇကစေတီတော် အနောက်တောင်ထောင့်တန်ဆောင်း အတွင်း ပူဇော်ခံရောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

အဆိုပါ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား ရန်ကုန်မြို့မှ ဒီဇင်ဘာ ၉ ရက်၊ နံနက်ပိုင်းအချိန်မှ ပင့်ဆောင် သယ်ယူခဲ့ပြီး ယမန်နေ့ မွန်းလွဲ၂ နာရီခွဲအချိန်တွင် ညောင်ဦးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ တင်လှူပူဇော်မည့် ထီးတော်အသစ်ကြီးသည် ဘုံ(၁၁)ဆင့် ထီးတော်ဖြစ်ကာ ညောင်ဦးမြို့နယ် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ အလိုတော်ပြည့် စာသင်တိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဍိတနှင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာ များ၊ ဓမ္မရာဇကစေတီတော် ဂေါပကအဖွဲ့ဝင်များမှ ထီးတော် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား ဦးခိုက်ပူဇော် ကြည်ညိုကြကာ ပူဇော်ခံထားရှိမည့် တန်ဆောင်းတော်အတွင်း ပင့်ဆောင်ကြကြောင်းသိရကာ ထီးတော်၊ ငှက်မြတ်နားတော် နှင့် စိန်ဖူးတော်တို့အား ၁၃၈၄ ခု၊ နတ်တော်လပြည့်နေ့တွင် ထီးတော်တင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဓမ္မရာဇကစေတီတော်ကြီးကို ခရစ်နှစ် ၁၁၉၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီးက သမထီးအရပ်၌ တည်ဆောက်ပူဇော်ခဲ့ပြီး ငါးမျက်နှာအညီအမျှ တည်ဆောက်ထားကာ ပစ္စယာသုံးဆင့်အပေါ်တွင် ရှစ်ထောင်ကြေးဝန်းခံထားသည့် စေတီတော်တစ်ဆူ ဖြစ်ကြောင်းသိရသည်။ ပထမပစ္စယာမှစ၍ လက်ကျ်ာရစ်လှည့်ပြီး ပစ္စယာအဆင့်ဆင့်တို့တွင် ဇာတ်တော်ပေါင်း ၅၅၀ နှင့် ဘုရားဖြစ်တော်စဉ် စဉ့်ကွင်းပုံများဖြင့် တန်ဆာဆင်ထားသည်။ ဘုရားတည်ဆောက်ပုံမှာ ရွှေစည်းခုံဘုရားနှင့် အခြေခံအား ဖြင့် တူညီပြီး တန်ဆာမွမ်းမံပုံနှင့် အာရုံခံမုခ်ငါးမျက်နှာထားရှိပုံမှာ ထူးခြားစွာ တည်ဆောက်ထားသည်။ အာရုံခံမုခ်ငါးမျက်နှာ ရှိ ကြေးဂူတိုက်ငါးခုတွင် ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ဘုရားငါး ဆူကို ရည်မှန်း၍ ကြေးဆင်းတုတော်ငါးဆူကို တည်ထားခဲ့ ပြီး အရှေ့ဘက်မုခ်အာရုံခ်မုခ်အတွင်းတွင် ပုဂံခေတ်ရေးထိုးထားသည့် ကျောက်စာတစ်ချပ်နှင့် အင်းဝခေတ်ရေးထိုး နံရံမင်စာ တို့ကို လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုးရှိ စစ်ဘေးရှောင်များကိုငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
Next post လားရှိုးမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ငယ်များ ပြေးဆွဲနေပြီး ယာဉ်စီးခမှာ ယခင်ကထက် မြင့်တက်