ဂါဇာဆေးရုံပေါက်ကွဲမှု လူ ၅၀၀ ဝန်းကျင်သေဆုံး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးကိုသွားဖို့ ပြင်ဆင်နေဆဲမှာပဲ အင်္ဂါနေ့ည က ဂါဇာဆေးရုံ ထိမှန် ပေါက်ကွဲခဲ့တဲ့ အတွက် လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ဒီ တိုက်ခိုက်မှုမှာသေဆုံးသူ ၅၀၀ ရှိတယ်လို့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က ပြောပါတယ်။

ဂါဇာမြို့က အယ်အာလီအာရပ် ဆေးရုံ (Al-Ahli Arab) ကို တိုက်ခိုက်တာအတွက် အစ္စရေးကို ဟားမတ်စ်အဖွဲ့က အပြစ်တင်လိုက်ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒါ ကို ငြင်းဆိုလိုက်ပြီး ပါလက်စတိုင်း ဂျီဟတ်အဖွဲ့က ပစ်ခတ်တဲ့ ဒုံးကျည်က လမ်းလွဲပြီး ဆေးရုံကို ထိမှန်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းဂျီဟတ်အဖွဲ့ကလည်း သူတို့ ပစ်တာမဟုတ်ဘူးလို့ ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ဆေးရုံတိုက်ခိုက်တာကို လူမျိုးသုဥ်းသတ်ဖြတ်မှု ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဖက်ဆစ်၊ အကြမ်းဖက် အစိုးရရဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ အကျည်းတန်မျက်နှာကို နောက်တကြိမ်ဖွင့်လှစ်ပြလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒီအချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဂျော်ဒန်ကိုမသွားမီ တယ်အဗစ်ကို ဝင်မယ်လို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ဟာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ (King Abdullah) ၊ အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတာ အယ် စီစီ (Abdel Fattah el-Sissi) တို့နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတ မာမွတ် အဘာ့စ် (Mahmoud Abbas) တို့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ပါလက်စတိုင်း သမ္မတ အဘာ့စ် ကတော့ အစည်းအဝေးမတက်ဘူးလို့ အယ်ဂျာဇီးရား သတင်းဌာနက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးကို ရေးဘီလူး PDF အဖွဲ့က ယနေ့နံနက်တွင် သတ်ဖြတ်
Next post ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်သူများ လုပ်ဆောင်ရန်လိုအပ် ဟု နစက ဥက္ကဋ္ဌ ပြောကြား