အမေရိကန်က အစ္စရေးကို အကူအညီပေးရန် မြေထဲပင်လယ် အရှေ့ပိုင်းသို့ USS Dwight D.Eisenhower လေယာဉ်တင် စစ်သင်္ဘောအုပ်စုကို စေလွှတ်

အမေရိကန်သည် အစ္စရေးကို အကူအညီပေးရန် မြေထဲပင်လယ်အရှေ့ပိုင်းသို့ USS Dwight D.Eisenhower လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုကို စေလွှတ်ခဲ့သည်ဟု အမည် မဖော်လိုသည့် အမေရိကန်ကာကွယ်ရေး အရာရှိနှစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

USS Dwight D.Eisenhower လေယာဉ်တင်သင်္ဘောသည် ယခင်ကတည်းက အစ္စရေးနိုင်ငံအနီးသို့ ရောက်ရှိနေသည့် USS Dwight D.Eisenhower လေယာဉ်တင်သင်္ဘောအုပ်စုနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ထိုဒေသတွင် အမေရိကန်၏ ဖျက်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ခရူဇာစစ်သင်္ဘောများ တည်ရှိမှုကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။

USS Eisenhower လေယာဉ်တင်သင်္ဘောသည် အောက်တိုဘာ ၁၃ ရက်က အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် နော်ဖော့ခ်မြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် လေယာဉ်တင် သင်္ဘောနှစ်စင်း ထားရှိမှုသည် အမေရိကန်အတွက် ရွေးချယ်စရာအများအပြား ရရှိမည်ဖြစ်သည်။

အဆိုပါ လေယာဉ်တင်သင်္ဘောများဦးဆောင်သည့် စစ်သင်္ဘောအုပ်စုများကို နေရာအနှံ့သို့ ဖြန့်ကြက်ချထားနိုင်ပြီး စစ်ဆင်ရေးများအတွက် ညွှန်ကြားရေးနှင့် ထိန်းချုပ်ရေးစခန်းများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် အဆိုပါလေယာဉ်တင်သင်္ဘော နှစ်စင်းသည် သတင်းအချက်အလက် စစ်ဆင်ရေးများကို ပြုလုပ်နိုင်ပြီး ဒုံးကျည်ပစ်လွှတ်မှုများကို ကြိုတင်သတိပေးနိုင်ကာ ကင်း ထောက်လှမ်းမှုများကို ပြုလုပ်နိုင်သည့် E2-Hawkeye ကင်းထောက်လေယာဉ်များကို လွှတ်တင်နိုင်သည်။

လေယာဉ်တင်သင်္ဘောနှစ်စင်းလုံးပေါ်တွင် ပစ်မှတ်များကို တိုက်ခိုက်နိုင်ခြင်း သို့မဟုတ် ကြားဖြတ်ပစ်ချခြင်းတို့ ပြုလုပ်နိုင်သည့် F-18 တိုက်လေယာဉ်များပါရှိသည်။

ထို့ပြင် လေယာဉ်တင်သင်္ဘောနှစ်စင်းပေါ်တွင် ဆေးရုံများနှင့် ဆေးတပ်ဖွဲ့၊ ခွဲစိတ်ဆရာဝန်များနှင့် ဆရာဝန်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်များရှိနေပြီး အရေးပေါ်ဆေးဝါးထောက်ပံ့ရန် သို့မဟုတ် လူနာများကို သွားရောက်ခေါ်ဆောင်ရန် ရဟတ်ယာဉ်များဖြင့် သွားရောက်နိုင်သည်။

ထိုအချိန်အတောအတွင်း ဂါဇာကမ်းမြောင်ဒေသကို ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတပ်ဖွဲ့များပါဝင်သည့် ထိုးစစ်တစ်ခုဆင်နွှဲရန် ပြင်ဆင်နေကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၄ ရက်ညပိုင်းက အစ္စရေးစစ်တပ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် အစီရင်ခံစာတွင် အစ္စရေးအနေနှင့် ကျယ်ပြန့်သည့် ထိုးစစ်ဆင်နွှဲမှုအစီအစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးသည် ဟားမာ့စ်အဖွဲ့၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသ၌ မြေပြင်ထိုးစစ် မစတင်မီအချိန်တွင် ယင်းဒေသကို ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဂါဇာဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။

သို့သော် အစ္စရေးသည် မြေပြင်ထိုးစစ်ကို မည်သည့်အချိန်တွင် စတင်မည်ကို ပြော ကြားခြင်းမရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NCA တက်လာသော တရုတ်နိုင်ငံခြားရေးဌာနနှင့်ထာဝရငြိမ်း ချမ်းရေးကိစ္စများအပြင်နယ်စပ်ကိစ္စ အွန်လိုင်းလောင်းကစား ကိစ္စများကိုပါ နစက ဥက္ကဋ္ဌ ဆွေးနွေး
Next post NCA စာချုပ် ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ