PDF ခြိမ်းခြောက်သဖြင့် ရန်တောင်ရွာ မူလတန်းလွန်ကျောင်း ယာယီပိတ်ထားရ

PDF က စာသင်ကျောင်း ဆက်လက်မဖွင့်ရန် လာရောက် ခြိမ်းခြောက်သဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့် ပညာသင်ကြားနေသည့် သရက်ချောင်းမြို့နယ်ရှိ ရန်တောင်ရွာ မူလတန်းလွန်ကျောင်းအား ယာယီပိတ်ထားရသည်ဟု သိရှိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၁၅ ရက်(သောကြာနေ့) နံနက် ၂ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာရှိ အခြေခံမူလတန်းလွန်ကျောင်းသို့ PDF အင်အား ၆ ဦးခန့်(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်၍ စာသင်ခန်းရှေ့အုတ်နံရံတွင် ခြိမ်းခြောက်စာများအား မှုတ်ဆေးအနီရောင်ဖြင့် ရေးသားကာ စာသင်ခန်းရှေ့ဝရံတာ၌ M 16 ကျည် ၁ တောင့်၊ ၉ လုံးကျည် ၁ တောင့်နှင့် အနီရောင်မှုတ်ဆေးဘူး ၂ ဘူးတို့အား ထားသွားခဲ့ကြောင်း သိရသည်။

“ဖြစ်သွားတာက သောကြာနေ့မနက်ဆိုတော့ အဲဒီနေ့က ပိတ်လိုက်တာပေါ့။ အခုလည်း(တနင်္လာနေ့) မဖွင့်ဘူး။ ဒီဘက်(သရက်ချောင်းမြို့နယ်)မှာက PDF တွေက နေရာအနှံ့သေနတ်လွယ်ပြီးသွားလာနေတာဆိုတော့ လောလောဆယ်ဖွင့်နိုင်ဖို့ကလည်း မသေချာသေးဘူး”ဟု ဒေသခံတစ်ဦးက လက်ရှိအခြေအနေအပေါ် ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းဆရာ၊ ဆရာမ ၁၁ ဦးက ကျောင်းသား၊ ကျောင်းသူ ၁၈၇ ဦးတို့ ပညာသင်ကြားပေးလျက်ရှိပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးအရ ကျောင်းအား ခေတ္တယာယီပိတ်ထားရမှု မှန်ကန်ကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို မြန်မာက ပြခန်း ၈၀ ပါဝင်ပြသ
Next post The Pantra ရွှေထည် နှင့်လက်ဝတ်ရတနာဆိုင်သစ် ဖွင့်ပွဲ ကျင်းပ