Kopa Trophy ဆုစာရင်းမှာ တစ်ဦးတည်းသောအင်္ဂလန်ကစားသမားအဖြစ် ဘယ်လင်ဂမ် ရွေးချယ်ခံရပြီး ဆုရဖို့ ရေပန်းစားနေ

စက်တင်ဘာလ ၇ ရက်

ကမ္ဘာတစ်ဝန်းက အသက်(၂၁)နှစ်အောက်လူငယ်ကစားသမားတွေထဲက အကောင်းဆုံးသူကို ရွေးချယ်ချီးမြှင့်မယ့် ၂၀၂၃ ခုနှစ်ရဲ့ Kopa Trophy ဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်းထွက်ပေါ်လာပြီး ရီးယဲလ်အသင်း ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဂမ် ပါဝင်ခဲ့ပါတယ်။

အသက်(၂၀)သာရှိသေးသူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက ဒေ့ါမွန်အသင်းအတွက် ခြေစွမ်းပြပြီး (၄၂)ပွဲကစား၊ (၁၄)ဂိုးသွင်းယူခဲ့သလို အခု ရီးယဲလ်အသင်းမှာလည်း ပုံစံကောင်းပြနေပါတယ်။

ရီးယဲလ်ကစားသမားဘ၀ လာလီဂါပွဲဦးထွက်(၄)ပွဲမှာ ဘယ်လင်ဂမ်က (၅)ဂိုးအထိသွင်းပြီး ဂန္ထဝင်ကစားသမားစီရော်နယ်လ်ဒိုနောက်ပိုင်း ရီးယဲလ်အသင်းအတွက် လာလီဂါပွဲဦးထွက်မှာ (၄)ပွဲဆက်တိုက် ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ အခု ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံရတဲ့ တစ်ဦးတည်းသော အင်္ဂလန်ကစားသမားဖြစ်ပြီး ဆုရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေမှာ Kopa Trophy ဆု ရယူနိုင်ခဲ့ကြတဲ့ ဘာစီလိုနာအသင်း လူငယ်ကြယ်ပွင့်(၂)ဦးဖြစ်သူ ပတ်ဒရီနဲ့ဂါဗီတို့လည်း ဆန်ခါတင်(၁၀)ဦးစာရင်းမှာ ပါဝင်နေကြပြီး သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ယူနိုင်ခဲ့တာကြောင့် အခုနှစ် Kopa Trophy ဆုအတွက် ဘယ်လင်ဂမ်နဲ့အပြိုင် ကြိုးစားရမယ့်အနေအထားရှိပါတယ်။

အခုနွေရာသီအတွင်း အတ္တလန်တာကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင်(၇၂)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဒိန်းမတ်လူငယ်တိုက်စစ်မှူးဟွိုင်လန်းဟာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ဆန်ခါတင်စာရင်းထဲ ရွေးချယ်ခံရတဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ်ကစားသမားလည်းဖြစ်ပါတယ်။

အာဆင်နယ်ကို (၃-၁)ဂိုးနဲ့ရှုံးတဲ့ပွဲမှာ ဟွိုင်လန်းက ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဘယ်လင်ဂမ်၊ ဂါဗီ၊ ပတ်ဒရီတို့ကို ကျော်ဖြတ်ပြီးတော့ Kopa Trophy ဆု ဆွတ်ခူးနိုင်ဖို့က ရာခိုင်နှုန်းနည်းပါးနေပါတယ်။

၂၀၂၃ Kopa Trophy ဆုအတွက် ဆန်ခါတင်စာရင်းမှာ ဘယ်လ်ဒီ (ဘာစီလိုနာ)၊ ကာမာဗင်ဂါ (ရီးယဲလ်)၊ ဇာဗီဆိုင်မွန် (လိုက်ပ်ဇစ်)၊ မူစီယာလာ (ဘိုင်ယန်မြူးနစ်)၊ အန်တိုနီယိုဆေးလ်ဗား (ဘင်ဖီကာ)၊ အယ်လ်ယီဝါဟီ (လန်းစ်)စတဲ့ နာမည်ကျော်လူငယ်လေးတွေ ရွေးချယ်ခံခဲ့ရပါတယ်။

အခုစာရင်းမှာ စပိန်လူငယ်ကစားသမားတွေ လွှမ်းမိုးခဲ့ပြီး စုစုပေါင်း(၅)ဦးအထိ ပါဝင်ခဲ့ကြပါတယ်။ Kopa Trophy ဆုကို နာမည်ကျော်ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၂၀၁၈ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဘာပေ (၂၀၁၈)၊ ဒီလိဂ် (၂၀၁၉)၊(ကိုဗစ်ကြောင့် ၂၀၂၀ မှာ ဆုပေးပွဲမကျင်းပ)၊ ပတ်ဒရီ (၂၀၂၁)၊ ဂါဗီ (၂၀၂၂)တို့ ဆွတ်ခူးရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post CANAL+ ကနေ မကြာခင်မှာ ပြသပေးသွားမယ့် “ရမ္မက်တိမ်တောင်” ဇာတ်လမ်းတွဲ
Next post 2023 Ballon d’Or ဆုအတွက် ဆန်ကာတင် စာရင်း ထုတ်ပြန်