ကျော်ဟိန်းရဲ့ နှစ်ပေါင်း ၄၀ ကျော်က “လူသားအသည်းနှလုံးနဲ့ ကျွန်တော်” သီချင်းကို Rap စာသားတွေပေါင်းထည့် ထွက်ရှိ လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
နာမည်ကြီးမင်းသား အဆိုတော်(ဦး)ကျော်ဟိန်းရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က “လူသား အသည်းနှလုံးနဲ့ ကျွန်တော် ” သီချင်းကို ၂၀၂၅ နှစ်ဦးပိုင်းမှာ Rap စာသားတွေပေါင်းထည့်ထွက်ရှိလိုက်တယ်လို့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
“ဒီနေ့က ကျွန်တော့်ရဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော် သီချင်းသစ်တစ်ပုဒ် ထွက်လိုက်တာပါ။ ကျွန်တော်က ဦးကျော်ဟိန်းရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ၁၉၇၉ လို့မှတ်ထားပါတယ်။ အဲဒီတုန်းက သီချင်းဟောင်းလေးတွေကို ဦးကျော်ဟိန်းရဲ့ အသံကို သေချာစစ်ထုတ်ပြီးတော့ မူရင်းစာသားကို စစ်ထုတ် ဆင့်ပွားထားတာပါ။ ဦးကျော်ရဲ့အသံ အစစ်ကိုပဲသုံးချင်တာမို့ ဦးကျော်ဟိန်းရဲ့ မိသားစုကို သေချာလေးခွင့်တောင်းခဲ့ချိန်မှာ ဦးကျော်ဟိန်းမိသားစုကလည်း အနုပညာကြေးတွေမရှိဘူး။ လုပ်မယ်ဆိုရင် အတူတူပေါင်းပြီးတော့ ဦးကျော်ကရုပ်ရှင်သမားဖြစ်တာကြောင့် ရုပ်ရှင်လောကသားတွေကို လှူရင်မကောင်းဘူးလားလို့ အန်တီမီးက အကြံပေးတယ်။ ကျွန်တော် ဒီသီချင်းထွက်တဲ့နေ့မှာ ရုပ်ရှင်လောကသားတွေ လာပြီး လှူဒါန်းဖြစ်ပါတယ်” လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
အဆိုပါ တေးသီချင်းကိုတော့ မူရင်းတေးရေးဆရာ ဒီနေ့ပုဏ္ဍက မဆုံးခင် ခွင့်ပြုချက်ယူပြီး မောင်မောင်ပြည့်စုံက ပြန်လည်တီးခတ်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ XZ က ရိုက်ကူးထားပြီးတော့ Rap & Lyrics စာသားတွေကို စိုင်းစိုင်းခမ်းလှိုင် သီဆိုထားတာလည်းဖြစ်ပါတယ်။
ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းက (ဦး)ကျော်ဟိန်းမိသားစုနဲ့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်တို့က ၁၆ ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဆန်ဆီစားသောက်ကုန်လှူဒါန်းမှုအတွက် ကျပ်သိန်း ၁၀၀လှူဒါန်းခဲ့ကြပါတယ်။