၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ် ပဏာမအောင် အယောက် ၉၀ ကို ဒုတိယ အဆင့်အတွက် ရွေးချယ်

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ်ပဏာမအောင် အယောက် ၉၀ ကို ဒုတိယ အဆင့်အတွက် ရွေးချယ်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ကတော့ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်မယ်အနေနဲ့ပါဝင်ဖို့ ပဏာမရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်လောင်း ၉၀ ဦးကို ဒုတိယအဆင့် ရွေးချယ်တာပါ။ ကနဦး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရွှေကြိုပြိုင်ပွဲဝင် ၃၀၀ ကနေ ပဏာမအဆင့် အောင်မြင်တဲ့ ၉၀ ဦးက ဒီနေ့ပြိုင်ပွဲမှာ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသရတာဖြစ်ပါတယ်။ ဒုတိယအဆင့်ပြီးရင် ထပ်ပြီး ရွေးချယ်သွားမှာပါ။ အဆင့်ဆင့်ရွေးချယ်ပြီးတော့မှ နောက်ဆုံးအဆင့်မှာ ရွှေကြိုမောင်မယ် ၂၀ ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

အဆိုပါ ရွှေကြိုမောင်မယ် ဒုတိယအဆင့်ရွေးချယ်ပွဲမှာတော့ ဒိုင်အဖွဲ့ကြီးကြပ်အနေနဲ့ ဒိုင်အဖွဲ့များဖြစ်တဲ့ ဦးအောင်လွင်၊ ဦးငြိမ်းမင်း၊ ဦးရန်အောင်၊ ဦးခန့်စည်သူ၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာညိုမင်းလွင်၊ ဒေါ်မေသန်းနု၊ ဦးကြည်ဝင်းတို့အပြင် ဦးဇော်မင်း(မင်္ဂလာ)၊ ဦးသန်းဌေး (Triple Six)၊ ကိုဇော်လွင်၊ ကိုအောင်ဖြိုးလင်း စတဲ့သူတွေ တာဝန်ယူဆောင်ရွက် ပေး‌ကြပါတယ်။

ဒီပဏာမအဆင့်ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် ၉၀ ဦး ဒုတိယအဆင့်ရွေးချယ်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေက သရုပ်ဆောင်ပိုင်း၊ အဆိုပိုင်း၊ သီချင်းသီဆိုခြင်း အပါအဝင် အတတ်ပညာတစ်ခုကို အကဲဖြတ်ဒိုင်များရှေ့မှာ လုပ်ဆောင်ချပြ ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်တွေကို ဒုတိယအဆင့်‌ရွေးချယ်ပွဲမှာကိုယ့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ၃ မိနစ်ထက်မပိုဘဲ ပြသယှဉ်ပြိုင်ခဲ့ရပြီး ကိုယ်တတ်ကျွမ်းတဲ့ အနုပညာဆိုင်ရာအဆို၊ အက၊ အတီး၊ အမှုတ်၊ အားကစား ပညာရပ်တစ်ခုခုကို ထုတ်ဖော်ပြသရတာဖြစ်ပါတယ်။

နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခံရသူရွှေကြိုမောင်မယ်တွေရဲ့ အမည်စာရင်းတွေကို လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁၂နာရီမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Facebook page ၊ MMPO Info Telegram က ထုတ်လွှင့်ကြေညာ ပေးသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၄-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်