ကျောက်ဆည်မြို့နယ် အနီးတဝိုက်မှာ ရေဘေးပြန်လည် ထူထောင်ရေး အတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတမိခင်ကြီးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကျောက်ဆည်မြို့နယ် အနီးတဝိုက်ရှိ ရေဘေးပြန်လည် ထူထောင်ရေးအတွက် လူနေအိမ်၊ တံတားစတာတွေ သွားရောက်လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

“အမအနေနဲ့ ကျောက်ဆည်ရေဘေးအတွက် လှူဖို့ကြုံလာတာပါ။ ပေ ၄၀ ရွာနဲ့ ဘလုံ့ကျေးရွာတို့က ပေါင်းကူးတံတားလေးပါ။ ရွာခံလူတွေကလည်း ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ တံတားလေးပါ။ ဒီတံတားက အလယ်လောက် ပျက်စီးသွားတာမို့ တစ်ရွာနဲ့တစ်ရွာ ကူးတဲ့အချိန်မှာ ရေကူးပြီး လာရတယ်။ ရေကူးလာတာမို့ ရေတက်ချိန်မှာ အန္တရာယ်ရှိတာပေါ့။ ကိုယ်ထူ ကိုယ်ထလမ်းမို့ အမကို အကူအညီတောင်းတာမို့ အမက လှူပေးဖြစ်တာပါ။ သိန်း ၁၀၀ လှူခဲ့တယ်။ တံတားပြင်တာ လမ်းပြင်တာ လှူချင်ခဲ့တာပါ။ လှူဖို့အခွင့်အရေးကြုံလို့ လှူဖြစ်တာပါ။ နောက် ကျောက်ဆည်မြို့ပတ်လည်က ရေကြောင့်ပျက်စီးသွားတဲ့ အိမ်ပျက်စီးသွားတဲ့သူတွေ အိမ်ပြန်ဆောင်ဖို့ ဆောက်လုပ်ဖို့ သိန်း ၄၀၀ မတည်လှူဒါန်း ပေးခဲ့ပါတယ်။ ကိုယ့်အနေနဲ့ လိုအပ်တဲ့နေရာတွေ ထပ်လှူသွားမှာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေကပြောပါတယ်။

အဆိုပါ ကျောက်ဆည်မြို့နယ် ရေဘေးပြန်လည်ထူထောင်ရေး ခရီးစဉ်မှာတော့ ကျောက်ဆည်မြို့ရှိ အနောက်ငယ်တိုးရွာ၊ ကျောက်ပန်းကုန်းရွာ၊ ငါးဆူရွာ၊ သင်ပျိုရွာ၊ ဒွေးလှရွာ စတဲ့ ရွာတွေမှာ နေအိမ် ၁၃ လုံး ပြန်လည်တည်ဆောက်ဖို့ ကျပ်သိန်း ၄၀၀ မတည်လှူဒါန်းပေးခဲ့ပါတယ်။ ဒီလှူဒါန်းမှုတွေကို ဦးဆောင်ပေးခဲ့တဲ့ တမုတ်ရွှေဂူပရိယတ္တိနှင့် ပရဟိတဘုန်းကြီး ကျောင်းအတွက် နဝကမ္မအလှူငွေ ကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။

ကျောက်ဆည်မြို့နယ် ဘလုံ့ကျေးရွာအတွက် တံတားပြုပြင်ဖို့ ခုနစ်ရက်သားသမီးတွေ စုပေါင်းအလှုငွေ ကျပ်သိန်း ၁၀၀ ကို ကူညီမျှဝေပေးဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာက စဉ့်ကိုင်မြို့နယ်ရှိ ရွာလေးရွာအတွက် ငွေကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်း စုစုပေါင်း ၁၁ မျိုးတို့ကို ဝေမျှကူညီပေးဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။

သူမကတော့ ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ၊ အိမ်လုံးချင်း လှူဒါန်းမှုတွေကို ဆက်လက် အားခဲ ထားလျက်ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄၈) နာရီအတွင်း တိုင်းနှင့် ပြည်နယ် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ ထုတ်ပြန်
Next post တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်များနှင့် ယနေ့ တွေ့ဆုံ ဆွေးနွေး