နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီး နစ်မြုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦးရှိကြောင်း နစက ထုတ်ပြန်

နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရေဝင် ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦး ရှိပြီး၊ ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှ စတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရုတ်တရတ်ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ ယနေ့ တွင်လည်း နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီး၊ ရွာသစ်ကြီး၊ စည်ပင်ကြီး၊ ညောင်ပင်ကြီး၊ ထိန်ပင်၊ ရှမ်းရွာ၊ သာယာအေး၊ ပေါက်တော၊ အိုင်ဇောက်၊ မွန်းတည့်ခွင်နှင့် စည်ပင်သာကျေးရွာ၊ ပျဉ်းမနားမြို့နယ် ဆင်သေ၊ ဈေးကုန်း၊ မအူနှင့် ကံဦး ကျေးရွာ၊ လယ်ဝေးမြို့နယ် အောင်ကုန်း၊ ပေါစံခေါ၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ ဂုံမင်းအိုင်၊ ဟေမန်၊ ဗောဓိကုန်းနှင့် ကြာကန်ကျေးရွာတို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်း/အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းဝိုင်းအနီးနှင့် ပန်းယျကျေးရွာအနီး၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အခြားမြို့နယ်များရှိ ရေဘေးသင့် ပြည်သူများအား သက်ဆိုင်ရာ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းများက ရေဘေးလွတ်ကင်းရာနေရာ များသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post တောင်ကြီးမြိုအတွင်း ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိင်းပေး