ရေဘေးအတွက် အလှူငွေ ကျပ်သိန်း ၃၅၀၀ ဝန်းကျင်ခန့် ရရှိနေပြီဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ ပြော
ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိရေဘေးဒုက္ခသည်များအတွက် အကူအညီပေးနိုင်ရန် ကျပ်သိန်း ၃၅၀၀ ဝန်း ကျင်ခန့် ရရှိနေပြီဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ က သူမ၏ လူမှုကွန်ယက်မှ တဆင့်ပြောသည်။
ကနဦးတွင် သရုပ်ဆောင် ခိုင်နှင်းဝေမှ ကျပ်သိန်း ၃၀၀ မ-တည်လှူဒါန်းခြင်းဖြစ်ပြီး ယင်းနောက် Felicity Solar Myanmar မိသားစုမှ ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများကို လှူဒါန်းလာခြင်း ဖြစ်သည်။
ယင်းနောက် နာမည်ကြီး အနုပညာရှင်များ အပါအဝင် ခုနှစ်ရက်သားသမီးများမှ ပိုမိုပါဝင်လှူဒါန်းလာခြင်းကြောင့် စုစုပေါင်း သိန်း ၃၅၀၀ ဝန်းကျင်ခန့် ရရှိလာခဲ့သည်ဟု သိရသည်။ ထိုအလှူငွေများကို လိုအပ်သည့် နေရာများသို့ ကိုယ်တိုင် သွားရောက်ကူညီမျှဝေပေးသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွါးကာ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီ ဆောင်ရွက်ပေးလျက်ရှိနေသည်။