ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု တရုတ် ပြောကြား

တရုတ်အနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း နှင့် မိမိတို့နှစ်နိုင်ငံသည် မှန်ကန်၍ တရားမျှတသည့်ဘက်တွင် ရပ်တည်ရမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်တို့သည် သံတမန်ဆက်ဆံရေး ပိုမိုနက်နက်ရှိုင်းရှိုင်းရှိစေရန် ကြိုးပမ်းနေစဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့သည် နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ဧပြီ ၈ ရက်က တရုတ်သို့ ရောက်ရှိခဲ့သည်။

လက်ဗ်ရော့သည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ကြေညာခဲ့သည်။

ဆွေးနွေးမှုများမပြုလုပ်မီပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၏ခမ်းနားထည်ဝါသော အခန်းတစ်ခန်းထဲရှိ အရောင်တောက် နေသည့် စားပွဲတစ်လုံး၏ ဘေးပတ်လည်၌ ထိုင်ခုံများချထားသည့် ဗီဒီယိုမှတ်တမ်းကို နိုင်ငံ ပိုင် CCTV ရုပ်သံက ထုတ်လွှင့် ခဲ့သည်။

ဧပြီ ၉ ရက် အစောပိုင်းက နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံစဉ် ဝမ်ယိက တရုတ်အနေဖြင့် သမ္မတဗလာဒီမာပူတင်၏ ဦးဆောင်မှုအောက်တွင် ရုရှားနိုင်ငံ၏တည်ငြိမ်သော တိုးတက်ဖွံ့ဖြိုးမှုများကို ပံ့ပိုးသွားမည်ဟု ကတိပြုခဲ့သည်။

“တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ကမ္ဘာ့ဇာတ်ခုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းအောင်နဲ့ ခိုင်မာတဲ့ အပြန်အလှန်ပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်”ဟု ဝမ်က ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာန တစ်ခုဖြစ်သည့် RIA Novosti က ဖော်ပြခဲ့သည်။

“သမ္မတပူတင်ရဲ့ ခိုင်ခိုင်မာမာဦးဆောင်မှုအောက်မှာ ရုရှားပြည်သူတွေဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်လာမှာ ဖြစ်တယ်” ဟုလည်း ဝမ်က ပြောကြားခဲ့သည်။

အပြန်အလှန်အနေဖြင့် လက်ဗ်ရော့ကလည်း ရုရှားသမ္မတရွေးကောက်ပွဲတွင် သမ္မတပူတင် ထပ်မံအနိုင်ရပြီးနောက်တရုတ်၏ ထောက်ခံအားပေးမှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“အနိုင်ရခဲ့တဲ့ ရွေးကောက်ခံသမ္မတ ပူတင်ကို အဦးဆုံးဂုဏ်ပြုသဝဏ်လွှာပေးပို့သူတွေထဲမှာ သမ္မတရှီကျင်းပင် ပါဝင်ပါတယ်။ မိတ်ဆွေတရုတ်နိုင်ငံရဲ့ အားပေးဝန်းရံမှုအတွက် မိမိတို့အနေနဲ့ ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ဗ်ရော့သည် တရုတ်သမ္မတရှီကျင်းပင်၏ အထင်ကရ အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ယမန်နှစ် အောက်တိုဘာလက ပေကျင်းသို့ နောက်ဆုံး အကြိမ်လာရောက်ခဲ့တာ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post စာရိတ္တအဖွဲ့သားများရဲ့ နှစ်သစ်ကူး စုပေါင်းအလှူ ပြုလုပ်