နစက၏ အန္တိမရည်မှန်းချက်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်ဟု နစက ဥက္ကဋ္ဌ ပြောကြား

နစက ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ(၃၁)ရက်က ကျင်းပပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ (၁/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။။

ရွေးကောက်ပွဲရာနှုန်းပြည့် ကျင်းပအောင်မြင်ရန် ခက်ခဲသော်လည်း ပြည်သူတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး စွမ်းအားရှိသမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဆိုသည်။

ယင်းအတွက် မိမိတို့ နစက က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နံပါတ်(ငါး)အချက်တွင် ပါသည့်အတိုင်း ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင်လည်း လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲသည် ယင်းစနစ်၏အသက်ပင်ဖြစ်သောကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပုံပေါ်စေမည်ဖြစ်သည်ဟု ထပ်လောင်း ပြောကြားသည်။

ထို့အပြင် ရွေးကောက်ပွဲတစ်ရပ်သည် လွတ်လပ်သန့်ရှင်း၍ တရားမျှတမှုအပြည့်ရှိမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီ စနစ်ကိုလည်း ပီပြင်စေမည်ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယခင် NLD ပါတီအနေဖြင့် စည်းကမ်းမဲ့စွာဖြင့် ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံအတွက် အမည်းစက် တစ်ခုဖြစ်ပေါ်စေခဲ့သဖြင့် ယင်းကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရေး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာနှင့် သင်ခန်းစာယူဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၀ ပြည့် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းကြောင့် အမည်းစက် ထပ်မံမဖြစ်စေရေး ဆောင်ရွက်ရန်လိုဟု နစက ဥက္ကဋ္ဌ တိုက် တွန်း
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ