တိုက်ပွဲတွေက တောတောင်အတွင်းမှာ မဟုတ်တော့ဘဲ မြို့ပြနေရာတွေအထိ ဆင်နွှဲလာကြတဲ့အတွက် ရှေ့တန်း နယ်မြေ ပိုမိုကျယ်ပြန့်လာတာကို တွေ့ရတယ်လို့ တပ်ချုပ် ပြောကြား

ယနေ့အခါတွင် ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များ အတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများအထိ ဆင်နွှဲလာကြသည်ကို တွေ့ရှိရသည့်အတွက် ရှေ့တန်းနယ်မြေသည် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိရသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၄ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဥ် ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အပြောမဟုတ် အလုပ်သက်သေများနှင့် ဆောင်ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန် အမျိုးသမီးတိုင်းလုပ်နိုင်ခဲသည့် စွမ်းဆောင်ရည်များပင်ဖြစ်ကြောင်း။

ထိုကဲ့သို့စွမ်းဆောင်ရည်များ ပေါ်ထွက်လာခြင်း၏အခြေခံသည် မိမိနိုင်ငံအပေါ်ထားရှိသည့် စစ်မှန်သည့် မျိုးချစ်စိတ်ကြောင့် ပင်ဖြစ်ကြောင်းနှင့် တပ်မတော်၏ အဓိကအမာခံ အရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များသည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးက တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ကျရာတာဝန်များကို အသက်ကိုပင် မငဲ့ကွက်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ် တာဝန်ထမ်းဆောင်ပြီး မှတ်တမ်းကောင်းရေးထိုးခဲ့ကြသူများဖြစ်သဖြင့် ပြည်သူ့သားကောင်း အာဇာနည်များအဖြစ် အမြဲအမှတ်တရ လေးစားဂုဏ်ယူနေမည်ဖြစ်ကြောင်း။

အမိန့်နှင့်တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့သားကောင်းဇာနည်များ၏ ဖြူစင်မြင့်မြတ်သည့် နှလုံးသားများကို မျိုးဆက်သစ်များအနေဖြင့် လေးစားအားကျအတုယူလျက် နိုင်ငံတော်ကအားကိုးရပြီး ပြည်သူလူထုက လေးစားအားထားရသည့် မျိုးချစ်တပ်မတော်သားကောင်း ဇာနည်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပ
Next post နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်အခမ်းအနား ကျင်းပ