ဟာလန်းရဲ့ ဒုတိယအကြိမ် အိပ်မက်က ဘာဖြစ်မလဲ
နိုဝင်ဘာလ ၃ ရက်
၂၀၂၃ခုနှစ်အတွက် ဘလွန်းဒီအောဆုပေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့ညက ကျင်းပခဲ့ရာ လီယွန်နယ်မက်ဆီက အကောင်းဆုံးကစားသမားဆု၊ အာလင်းဟာလန်းက ဒုတိယအကောင်းဆုံး ကစားသမားဆုတွေကို ဆွတ်ခူးရရှိသွားပါတယ်။
ဒါ့အပြင် ဥရောပရပ်ဝန်းမှာ ကလပ်နဲ့နိုင်ငံအတွက် တစ်နှစ်တာသွင်းဂိုးအများဆုံး ကစားသမားကိုချီးမြှင့်တဲ့ Gerd Muller Trophy ကိုလည်း ဟာလန်းပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါဆုရရှိပြီးနောက် နော်ဝေးနဲ့ မန်စီးတီးတိုက်စစ်မှူးရဲ့ ဝမ်းသာစကားမှာ…
”ဒီဆုဟာ အလွန်ခမ်းနားတဲ့ ဂုဏ်ပြုမှုပါ။ မနှစ်က ကျွန်တော်သွင်းယူခဲ့သမျှ သွင်းဂိုးတွေဟာ အသင်းဖော်တွေရဲ့အကူအညီမပါဘဲ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီဆုဟာ ကျွန်တော်တို့ အတူတကွဖြတ်သန်းခဲ့တဲ့ အံ့အားသင့်ဖွယ်ရာသီကို အမှတ်ရစေပါတယ်”
”ကျွန်တော်တို့ဟာ ကစားရတဲ့ ပွဲစဉ်တိုင်းကိုအနိုင်ရရှိဖို့၊ ဝင်ပြိုင်ရတဲ့ ဆုဖလားတိုင်းကို သိမ်းပိုက်နိုင်ဖို့ နေ့စဉ်နေ့တိုင်း အားထုတ်ကြိုးပမ်းကြပါတယ်။ ဒါပေမယ့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး UCL အပါအဝင် PL နဲ့ FA ဖလား တစ်နှစ်အတွင်းသိမ်းပိုက်နိုင်ဖို့ ကျွန်တော်တို့တွေ စိတ်တောင်မကူးရဲဖူးဘူး”
”မနှစ်က အသင်းလိုက်စွမ်းဆောင်မှုအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ အခုရည်မှန်းချက်ကလည်း ဒီနှစ်မှာ ထပ်မံလုပ်ပြနိုင်ဖို့ပါ”ဆိုပြီး treble champions ထပ်ဖြစ်ဖို့ စိတ်အားထက်သန်နေကြောင်း ပြောကြားသွားခဲ့တယ်။
ဒါဆိုရင် ဟာလန်းဟာ တစ်ဦးချင်းဆုတံဆိပ်ထက် အသင်းလိုက်အောင်မြင်မှုတွေကို ပိုမိုအာရုံထားကြောင်း သိနိုင်တယ်။ မက်ဆီ၊ ရော်နယ်ဒိုခေတ်လွန်မှာ သူနဲ့ဘာပေဟာ ဘောလုံးလောကကိုဦးဆောင်နိုင်ဖို့ အခြေအနေကောင်းဆုံး ကစားသမားတွေပါ။
ဤသို့ဆိုလျှင် အသင်းလိုက်အခြေအနေကောင်းတာနဲ့ ဒုတိယအကြိမ် treble champions အိပ်မက်အပြင် ဘလွန်းဒီအောအိပ်မက်ပါ ဟာလန်းမက်လို့ရနိုင်ပါသေးတယ်။