
ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု
အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်ရန်မှာကြားသည်။
ထို့အတူ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ စေတီတော်ကြီးရှိ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရမည်ဟု မှာကြားခဲ့သည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ၂၀၀၆ ခုနှစ်တွင်ဆောင်ရွက်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျတွက်ချက်၍ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်၍ ငလျင်ဒဏ်ကြုံတွေ့ချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့သည်။
ထို့ပြင် ထိခိုက်ပျက်စီးခဲ့မှုများကို နိုင်ငံတော်မှ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိ၍ ထိခိုက်ပျက်စီးခဲ့ရသည့် စေတီတော်ကြီးရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ကြကြောင်းလည်း သိရသည်။